ဖက်ဆစ်တော်လှန်ရေးနေ့မှာ ထားဝယ်အခြေစိုက် စကခ(၈) ဒရုန်းနဲ့ဗုံးကြဲခံရ
ဖက်ဆစ်တော်လှန်ရေးနေ့မှာ ထားဝယ်အခြေစိုက် စကခ(၈) ဒရုန်းနဲ့ဗုံးကြဲခံရ

တပ်မတော်နေ့လို့ စစ်ကောင်စီကသတ်မှတ်ထားတဲ့ ဖက်ဆစ်တော်လှန်ရေးနေ့မှာ ထားဝယ်မြို့အခြေစိုက် အမှတ် (၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို ဒရုန်းနဲ့ဗုံးကြဲခဲ့တယ်လို့ တိုက်ခိုက်မှုလုပ်ဆောင်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ဒီနေ့ ညနေ ၄ နာရီခွဲဝန်းကျင်လောက်မှာ အမှတ် (၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ထဲက စစ်ကောင်စီတပ်ရင်းတွေထဲကို ဒရုန်းနဲ့ဗုံးသီး ၃ ကြဲချခဲ့တာဖြစ်ပါတယ်။
“ဖက်ဆစ်တော်လှန်နေ့အထိမ်းအမှတ်အနေနဲ့ သွားပြီးဗုံးချခဲ့တာပါ။ သူတို့ဘယ်လောက်ပဲလုံခြုံရေးချထားချထား၊ မြို့နဲ့ဘယ်လောက်နီးနီး အချိန်မရွေးတိုက်ခိုက်လို့ ရတယ်ဆိုတာကို ပြတာပါ” လို့ တိုက်ခိုက်မှုလုပ်ဆောင်ခဲ့တဲ့ တပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။
ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ကလည်း တပ်ရင်းတွေထဲကနေ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆိုပါတယ်။
ဒရုန်းတိုက်ခိုက်မှုနဲ့ စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးပါဘူး။
တိုက်ခိုက်ခံရတဲ့ စကခ (၈)ဧရိယာအတွင်းမှာ ကောင်စီတပ် ခလရ (၂၅ )၊ ခလရ (၂၆၇)၊ ခမရ (၄၀၁)တပ်ရင်းနဲ့ ခမရ (၄၀၂)တပ်ရင်းတွေနဲ့ အနီးအနားမှာအမြောက်တပ် (၃၀၆) တို့ရှိပါတယ်။
ဒီနေ့ညနေ ၅ နာရီဝန်းကျင်လောက်မှာတော့ စကခ (၈) အနီးက အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီကားတွေရောက်လာပြီး နာရီဝက်ခန့်အကြာ လုံခြုံရေးတင်းကြပ်ခဲ့တယ်လို့ အိမ်ရှေ့ပြင်ရပ်ကွက်မှာနေထိုင်တဲ့ ဒေသခံတွေကဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကလည်း စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ဝင်းထဲက စစ်ကောင်စီတပ်အိမ်ယာအဆောက်အအုံတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဗုံးသီးလောင်ချာနဲ့ပစ်ခတ်ခဲ့ဖူးပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအစကလည်း အမှတ် (၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အရှေ့ဘက်က စစ်ကောင်စီခန်းကုန်းတစ်ခုကို ဗထူးတပ်မတော်ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
The Tanintharyi Times