စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီးကျည်ထိပြီး ပလမြို့က ဆန်စက်တစ်လုံး မီးလောင်ပျက်စီး

စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီးကျည်ထိပြီး ပလမြို့က ဆန်စက်တစ်လုံး မီးလောင်ပျက်စီး

ပုံစာ - ပြီးခဲ့တဲ့ ဒီဇင်ဘာလက စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့ ပလမြို့နယ်ထဲက နေအိမ်တွေ

မနေ့က ညနေ ၅ နာရီခွဲအချိန်လောက်မှာ ပလမြို့‌ပေါ်မှာရှိတဲ့ ဆန်စက်တစ်လုံး စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး မီးလောင်ပျက်စီးခဲ့ပါတယ်။

ဆန်စက်မီးလောင်ခဲ့ပြီး တစ်ခြားနေရာတွေကို မီးကူးတာမျိုးမရှိသလို ‌ထိခိုက်ဒဏ်ရာရတာလည်း မရှိခဲ့ဘူးလို့ ဒေသခံတွေနဲ့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

“ဆန်စက်တွေက အလုပ်မလုပ်ရတော့တာ တော်တော်ကြာပြီ။ ဆန်စက်ပိုင်ရှင်တွေလည်း ပြေးနေ၊ လွှားနေကြရတဲ့ သူတွေချည်းပဲ။ ဘယ်ချိန်မှ လုပ်ငန်းပြန်လည်ပတ်နိုင်မယ်ဆိုတာလည်း မသိ‌တော့ပါဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပလမြို့မှာ ယခင်က ဆန်စက် ၁၀ လုံးထက်မနည်းရှိခဲ့ပြီး စစ်အာဏာသိမ်းပြီးကတည်းက တစ်လုံးမှ အလုပ်မလုပ်နိုင်တော့ဘူးလို့ အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးက ပြောပြပါတယ်။

ထိမှန်ခဲ့တဲ့ လက်နက်ကြီးကျည်ဟာ ပလရဲစခန်းတောင်ပေါ်ကနေ ပစ်ခတ်လိုက်တာဖြစ်ပြီး မနေ့က ညနေပိုင်းမှာ ပလမြို့ဈေးနားတစ်ဝိုက် ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ခံရပြီးနောက်မှာ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည် ဖြစ်ပါတယ်။

ပလဒေသဘက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်နေတာနဲ့ ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦး ကတော့ “အရိပ်မြင်တာနဲ့ ထုတာပဲ။” လို့ ပြောပါတယ်။

တနင်္သာရီတိုင်းမ်က စုစည်းထားတဲ့အချက်လက်တွေအရ ပြီးခဲ့တဲ့နှစ်တွေအတွင်း ပလရဲစခန်း တောင်ပေါ်ကနေ မကြာခဏ ရမ်းသန်းပစ်ခတ်လေ့ရှိတဲ့ လက်နက်ကြီးကျည်တွေကြောင့် ပလမြို့နယ်ထဲရှိ တိုကျေးရွာ၊ တန်းရှင်းရွာ၊ သင်္ကန်းတောရွာ၊ ပိတပ်ရွာက နေအိမ်တွေနဲ့ ဒေသခံတွေက အထိအခိုက်အများဆုံး ဖြစ်ခဲ့ပါတယ်။

 

The Tanintharyi Times