တနင်္သာရီမှာ ၄ ရက်အတွင်း ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲတွေမှာ PDF ၃ ဦး၊ စစ်ကောင်စီတပ်သား ၂၅ဦး ထက်မနည်းသေဆုံးခဲ့
တနင်္သာရီမှာ ၄ ရက်အတွင်း ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲတွေမှာ PDF ၃ ဦး၊ စစ်ကောင်စီတပ်သား ၂၅ဦး ထက်မနည်းသေဆုံးခဲ့

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ အခုလ ၂၃ ရက်ကနေ ဒီကနေ့အထိ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပစ်ခတ်မှုတွေမှာ စစ်ကောင်စီတပ်သား ၂၅ဦး ထက်မနည်း သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံးခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ-မြိတ်)က ဒီကနေ့ ထုတ်ပြန်ပါတယ်။
အဲဒီလေးရက်အတွင်းမှာ မြိတ်မြို့ဘက်ကနေ တနင်္သာရီဘက်ကို ဦးတည်လာတဲ့ စစ်ကောင်စီယာဉ်တန်းတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့သလို တနင်္သာရီတံတားက ရဲကင်းဂိတ်၊ ဗောဓိကမ်းတံတားက လက်နက်ကြီးကုန်းနဲ့ တနင်္သာရီမြို့ပေါ်ရှိ လဝက ဦးစီးအရာရှိတွေနေထိုင်တဲ့ အဆောင်တွေကိုလည်း တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး ဒရုန်းနဲ့ဗုံးသီးချတိုက်လိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။
အဲဒီတိုက်ခိုက်မှုတွေမှာ စစ်ကောင်စီတပ်သားတွေ သေဆုံးခဲ့တာဖြစ်ပြီး မြိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က ရဲဘော် ၂ ဦးနဲ့ တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က ရဲဘော် ၁ ဦး တို့ကျဆုံးခဲ့ကာ တခြားမဟာမိတ်တပ်ပေါင်းစုတွေဘက်ကလည်း ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကို မြိတ်ခရိုင် PDF အမှတ်(၂)တပ်ရင်း၊ တနင်္သာရီမြို့နယ် (ပကဖ)၊ မြိတ်မြို့နယ်(ပကဖ)၊ ကျွန်းစုမြို့နယ် (ပကဖ)နဲ့ တောကြီးမြွေဟောက်အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အသိပေးထားပါတယ်။
ထိခိုက်ကျဆုံးများလာတာနဲ့အမျှ စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တာတွေလုပ်ဆောင်ခဲ့ပြီး အဲဒီပစ်ခတ်မှုတွေကြောင့် အပြစ်မဲ့ပြည်သူ ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ၁ ဦးသေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ဘန်းလမွတ်ကျေးရွာက နေအိမ် ၁ဆောင် လက်နက်ကြီးထိမှန်ပျက်စီးခဲ့ပြီး တစ်ခြား နေအိမ် ၂ ဆောင်ကတော့ မီးလောင်ပျက်စီးခဲ့ပါတယ်။
“အခုချိန်ထိတော့ ဘန်းလမွတ်ရွာဘက်ကို စစ်ကြောင်း နှစ်ကြောင်းထိုးလာနေတယ်လို့သိရတယ်။ အပြန်အလှန်ပစ်ခတ်မှုကတော့ မရှိသေးဘူး။ ငြိမ်နေတုန်းပဲ ” လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးက တနင်္သာရီတိုင်းမ် ကိုပြောပါတယ်။
လက်ရှိမှာတော့ တနင်္သာရီမြို့နယ် မရင်းကြီးရွာ၊ ဘန်းလမွတ်ရွာ၊ ရမ်းဖိုရွာ၊ ညောင်ပင်ကုန်းရွာ၊ ဗောဓိကမ်းရွာ၊ ဥယျာဉ်ကမ်းရွာ၊ အောက်ကင်းရွာ၊ မော်တုန်းရွာ နဲ့ အနီးအနားကျေးရွာတွေက ဒေသခံ ၂,၀၀၀ ကျော် စစ်ရှောင်နေကြရပါတယ်။
The Tanintharyi Times