သတိပြုစရာ ရင်သားအနာ၊ ရင်သားကင်ဆာ

သတိပြုစရာ ရင်သားအနာ၊ ရင်သားကင်ဆာ

အမျိုးသမီးတွေမှာ အမျိုးသားတွေနဲ့မတူဘဲ ခံစားရတဲ့ဝေဒနာတွေရှိပါတယ်။ ဥပမာအားဖြင့် ရင်သားတဲ့ဖြစ်တဲ့အနာ၊ သားအိမ်မှာဖြစ်တဲ့အနာတို့ဖြစ်ပါတယ်။ ယနေ့ခေတ်မှာအမျိုးသမီးတွေမှာ အဖြစ်များတဲ့ကင်ဆာတွေထဲမှာ ရင်သားကင်ဆာကလည်းတစ်ခု အပါအဝင်ဖြစ်ပါတယ်။ ရင်သားကင်ဆာ မဖြစ်ဖို့၊ ရင်သားအနာမဖြစ်ဖို့ဘာတွေလုပ်ဆောင်ရမလဲဆိုတဲ့ မေးခွန်းတွေ မကြာခဏမေစကြလေ့ရှိပါတယ်။ ရင်သားကင်ဆာက အမျိုးသမီးတွေမှာအဖြစ်များပေမယ့် အမျိုးသားတွေမှာလည်း ဖြစ်တတ်တယ်ဆိုတာ မေ့ထားလို့မရပါဘူး။

ရင်သားနာတာကို အမျိုးသမီးတိုင်းလိုလိုခံစားရတတ်ပါတယ်။ အထူးသဖြင့် ဓမ္မတာလာခါနီးတစ်ပတ် အလိုမှာ ဖြစ်စေ၊ လာပြီးတစ်ရက်နှစ်ရက်အထိဖြစ်စေ ရင်သားတွေနာနေတတ်ပါတယ်။ အဲဒီလိုနာတာမျိုးကကြောက်စရာမလိုတဲ့ နာတာမျိုးဖြစ်ပါတယ်။ ဒါပေမယ့် ဓမ္မတာစက်ဝန်းနဲ့မဆိုင်ဘဲ အမြဲတမ်းလိုလိုနာနေရင်တော့ နီးစပ်ရာဆေးရုံ၊ဆေးခန်းများမှာ ပြသင့်ပါတယ်။

ရင်သားနာတာကို သွေးဆုံးပြီးသားအမျိုးသမီးတွေမှာလည်းတွေ့ရတတ်ပါတယ်။ ဒါပေမယ့် သွေးမဆုံးခင် အမျိုး သမီးများမှာပိုခံစားရနိုင်ပါတယ်။

အမျိုးသမီးတွေမှာ သားအိမ်အနာပြီးရင် ရင်သားအနာကအဖြစ်များဆုံးဖြစ်ပါတယ်။ အထူးသဖြင့် ရင်သားမှာ အဖြစ်များတဲ့အနာတွေက အကြိတ်၊ ကင်ဆာ၊ ပြည်တည်နာစတာတွေပဲ ဖြစ်ပါတယ်။

■ ရင်သားအနာဖြစ်စေတဲ့ အကြောင်းအရင်းတွေ

  • တင်းကြပ်လွန်းတဲ့ အတွင်းခံအင်္ကျီတွေ ဝတ်ဆင်တာ
  • နို့ချောင်းပိတ်တာ
  • ရင်သားကိုထိခိုက်ဒဏ်ရာရတာ
  • မွေးရာပါဖြစ်တာ

■ ရင်သားအနာအဖြစ်များသူတွေ

  • ဆေးလိပ်သောက်လေ့ရှိတဲ့အမျိုးသမီးတွေမှာအဖြစ်များပါတယ်။ ဒါ့အတူ အရက်သေစာ၊ ဘီယာသောက် သူအမျိုးသမီးတွေမှာလည်း ရင်သားအနာအဖြစ်များတတ်ပါတယ်။
  • ရင်သားအရွယ်ကြီးသူတွေက ငယ်သူတွေထက် ရင်သားအနာဖြစ်တတ်ပါတယ်
  • ရင်သားကြီးစေဖို့ ဟော်မုန်းဆေးထိုးသူတွေမှာလည်း ရင်သားအနာဖြစ်ဖို့ရာခိုင်နှုန်းများပါတယ်
  • ကိုယ်အလေးချိန်များတဲ့အမျိုးသမီးတွေကလည်း နည်းတဲ့သူတွေထက်ပိုဖြစ်နိုင်ချေရှိပါတယ်

■ ရင်သားအနာအမျိုးအစားတွေ

  • ရုတ်တရက်ဖြစ်ပွားတဲ့ရင်သားအနာ
  • နာတာရှည်ဖြစ်ပွားတဲ့ရင်သားအနာ
  • ရင်သားကင်ဆာတို့ဖြစ်ပါတယ်

ရုတ်တရက်ဖြစ်ပွားတဲ့ရင်သားအနာကို နို့တိုက်ကျွေးနေတဲ့မိခင်များမှာအတွေ့ရများပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့အချက်တွေအတိုင်း နာတာရှည်ဖြစ်ပွားတဲ့ရင်သားအနာကတော့ ဓမ္မတာစက်ဝန်းနဲ့ မသက်ဆိုင်ဘဲနာတာမျိုးဆိုရင် ဆေးရုံ၊ဆေးခန်းဆီအလျှင်အမြန်သွားပြသင့်ပါတယ်

■ ဓမ္မတာစက်ဝန်းနဲ့သက်ဆိုင်တဲ့ရင်သားနာကျင်မှုလက္ခဏာတွေ

  • ဓမ္မတာမလာခင်မှာကြိုတင်ကာနာနေတတ်ပြီး ဓမ္မတာလာပြီးချိန်မှာ သိသိသာသာသက်သာသွားတာ
  • တဆစ်ဆစ်ကိုက်နေသလိုခံစားရတာ
  • ထူးခြားတာက ရင်သားနှစ်ဖက်စလုံးမှာနာနေတတ်တာ

■ ဓမ္မတာစက်ဝန်းနဲ့မသက်ဆိုင်တဲ့ ရင်သားနာကျင်မှုလက္ခဏာတွေ

  • တစ်လလုံးလုံးနာနေတတ်တာ
  • များသောအားဖြင့် ရင်သားတစ်ဖက်တည်းနာနေတတ်တာ
  • နာနေတဲ့ရင်သားမှာ မီးစနဲ့ထိုးသကဲ့သို့နာကျင်နေတတ်တာ

■ ရင်သားကင်ဆာရဲ့လက္ခဏာတွေ

  • ရင်သားမှာအကျိတ်ဖြစ်လာတာ
  • ရင်ဘတ်အောင့်တာမျိုးလည်းခံစားရနိုင်ပါတယ်
  • ရင်သားအရွယ်အစားကမူလကနေ ပြောင်းလဲလာတာမျိုးရှိလာပါလိမ့်မယ်
  • ရင်သားတစ်ဝိုက်ရဲ့အရေပြားအရောင်ကလည်း သိသိသာသာပြောင်းလဲလာတတ်ပါတယ်
  • ရင်သားတစ်ဝိုက်မှာ အကြောင်းပြချက်မရှိဘဲ ယားယံတာမျိုးလည်းဖြစ်တတ်ပါတယ်
  • ရင်သားကနေ အရည်တွေထွက်လာတတ်တယ်။ နို့တိုက်မိခင်မဟုတ်ပါဘဲနဲ့ထွက်လာတာမျိုးပေါ့။
  • ရင်သားထိပ်က နို့သီးခေါင်းလေးကအထဲကိုဝင်သွားတာမျိုးလည်းဖြစ်တတ်ပါတယ်

■ ရင်သားအနာဖြစ်တာကနေ ကင်းဝေးစေဖို့လုပ်ဆောင်ရမယ့်အချက်တွေ

  • ကိုယ့်ရဲ့ရင်သားကပုံမှန်ဟုတ်ရဲ့လားဆိုတာ မပြတ်စမ်းကြည့်သင့်ပါတယ်
  • တင်းကြပ်လွန်းတဲ့ အတွင်းခွံအင်္ကျီတွေကို ဝတ်ဆင်တာမျိုးရှောင်ကြဉ်သင့်ပါတယ်
  • နို့တိုက်မိခင်တွေအနေနဲ့ ကိုယ့်နို့သီးခေါင်းကို ရေနွေးနဲ့အမြဲဆေးကြောသင့်ပါတယ်
  • ရင်သားအနာဖြစ်တာကနေ ကင်းဝေးစေရန်အတွက် ပက်လက်လှန်အိပ်တာမျိုးကိုကြာရှည်မပြုလုပ်သင့်ပါဘူး။
  • ဆေးလိပ်သောက်တတ်သူအမျိုးသမီးတွေအနေနဲ့ ဆေးလိပ်ဖြတ်သင့်ပါတယ်
  • ဘီယာ၊ အရက်သောက်တတ်သူ အမျိုးသမီးများအနေနဲ့လည်း ဘီယာ၊အရက်တို့ကိုကျောခိုင်းသင့်ပါတယ်။
  • ပြည့်ဝဆီတွေကို အလွန်အကျုးစားသုံးတာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်
  • ရင်သားအနာမှကင်းဝေးစေဖို့ ကိုယ့်ရဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းသင့်ပါတယ်
  • တကယ်လို့ ကိုယ့်ရဲ့ မျိုးရိုးထဲမှာ ရင်သားအနာ၊ ရင်သားကင်ဆာဖြစ်ဖူးသူရှိမယ်ဆို အသက်(၄၀)မတိုင်ခင် ရင်သားစစ်ဆေးတာကို မကြာခဏပြုလုပ်ပေးသင့်ပါတယ်။
  • ရင်သားကင်ဆာမျိုးရိုးမရှိသူတွေကတော့ အသက်(၄၀)ကျော်လာတဲ့နောက်ပိုင်းမှာ ရင်သားစစ်ဆေးတာကိုပြုလုပ်ပေးသင့်ပါတယ်။

PKN

(ဆောင်းပါးရှင် PKN ဟာ တိုင်းရင်းဆေးတက္ကသိုလ်က ( B.M.T.M) ဘွဲ့ရ တိုင်းရင်းဆေးဆရာတစ်ဦးဖြစ်ပါတယ်။)

The Tanintharyi Times