သတိပြုစရာ သားဆက်ခြားနည်းလမ်းတွေ
သတိပြုစရာ သားဆက်ခြားနည်းလမ်းတွေ
ဒီနေ့ (စက်တင်ဘာ ၂၆ ရက်နေ့)က “ကမ္ဘာ့သားဆက်ခြားနေ့” World Contraception Day ဖြစ်ပါတယ်။ သားဆက်ခြားခြင်းနည်းလမ်းတွေက အရွယ်ရောက်သူမှ သိသင့်တာ မဟုတ်ဘဲ ဘယ်သူမဆို သိထားသင့်တဲ့ အကြောင်းအရာပါ။
ကိုယ်ဝန်ဆောင်တာကို ရှောင်ရှားလိုတဲ့ အမျိုးသမီးတိုင်း အတွက် ကျန်းမာရေးနဲ့ လျော်ညီတဲ့ ကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ရောဂါရှိသူတချို့အတွက် သတိထားရမဲ့ အချက်တွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့(မြန်မာ)က အကြံပြုထားပါတယ်။ အဆိုပါအကြံပြုချက်တွေကို စုစည်းပြီး တနင်္သာရီတိုင်းမ်စာဖတ်သူတွေအတွက် ဖော်ပြလိုက်ပါတယ်။
◉ ကလေးမွေးဖွားပြီးသူ သို့မဟုတ် သားပျက်သားလျှောဖြစ်ထားသူနဲ့ သားဆက်ခြား
အမျိုးသမီးတွေ ကလေးမွေးဖွားတာ၊ သို့မဟုတ် သားပျက်သားလျှော ဖြစ်ပြီးနောက်မှာ သင့်တော်တဲ့ သားဆက်ခြားနည်းလမ်းတစ်ခုခုကို မဖြစ်မနေရယူသင့်ပါတယ်။ ကိုယ်၀န် တစ်ခုနဲ့တစ်ခုကြား အနည်းဆုံး အချိန် ၂ နှစ် ခြားတာက မိခင်နဲ့ ကလေးရဲ့ ကျန်းမာရေးကို များစွာအကျိုးရှိစေပါတယ်။
◉ ကလေးကို နို့တိုက်နေတဲ့ မိခင်နဲ့ သားဆက်ခြား
ကလေးမွေးဖွားပြီး ၄၈ နာရီ အတွင်း သားအိမ်တွင်းထည့် ပစ္စည်း သို့မဟုတ် လက်မောင်း အရေပြားအောက်ထည့် ပစ္စည်း သို့မဟုတ် ပရိုဂျက်စတင်သာပါတဲ့ နေ့စဉ်သောက် သားဆက်ခြား ဆေးကဒ်ကို ရွေးချယ် သုံးနိုင်ပါတယ်။
ကလေးမွေးဖွားပြီး ၄၈ နာရီ မှ (၄) ပတ် အတွင်းမှာ လက်မောင်း အရေပြားအောက်ထည့် သားဆက်ခြားပစ္စည်း သို့မဟုတ် ပရိုဂျက်စတင်သာပါတဲ့ နေ့စဉ် သောက် သားဆက်ခြားဆေးကဒ်ကို ရွေးချယ် သုံးနိုင်ပါတယ်။
ကလေးမွေးဖွားပြီး (၄)ပတ်မှ (၆) ပတ်အတွင်းဖြစ်ပါက သားအိမ်တွင်းထည့်ပစ္စည်း၊ လက်မောင်းအရေပြားအောက် ထည့်ပစ္စည်းနဲ့ ပရိုဂျက်စတင်သာပါတဲ့ နေ့စဉ်သောက် သားဆက်ခြားဆေးကဒ်ထဲက ရွေးပြီး သောက်နိုင်ပါတယ်။
◉ သားဆက်ခြား ဆေးကဒ်
နေ့စဉ်သောက်ရတဲ့ သားဆက်ခြားဆေးကဒ်ကို တစ်ရက် (သို့မဟုတ်) တစ်ရက်ထက်ပိုပီး သောက်ဖို့ မေ့သွားခဲ့ရင် ဘာဖြစ်နိုင်ပါသလဲ?
သောက်ဆေးကဒ်ရဲ့ ပထမအတန်းက ဆေးသုံးလုံးကို သောက်ဖို့မေ့တာ (သို့မဟုတ်) ဆေးကဒ်အသစ်ကို ပြန်စသောက်ဖို့ ၃ရက်ထက်ပိုပြီး မေ့သွားခဲ့တာဆိုရင် ကွန်ဒုံးကို ၇ ရက်သုံးပါ။ သို့မဟုတ် လိင်ဆက်ဆံတာကို ၇ ရက်ရှောင်ပါ။
ဆေးကဒ်သောက်သုံးနေတုန်း တတိယ အပတ်တွင်း ဆေး(၃)လုံး(သို့မဟုတ်) ၃လုံး ထက်ပိုပြီး ရက်ဆက်တိုက် သောက်ဖို့ ပျက်ကွက်ပါက၊ ကွန်ဒုံးကို ၇ ရက်သုံးပါ။ သို့မဟုတ် လိင်ဆက်ဆံတာကို ၇ ရက် ရှောင်ပါ။
ဟော်မုန်းမပါတဲ့ ဆေးလုံးတွေကို မသောက်တော့ဘဲ တပြိုင်နက် ချက်ချင်း ဆေးကဒ် အသစ် စတင်သောက်ပါ။
၂၈ လုံးပါဆေးကဒ်မှာ နောက်ဆုံးရက်သတ္တပတ်တွင်း ဆေးလုံး အနည်းငယ် သောက်ဖို့ ကျော်သွားပါက မလိုလားအပ်တဲ့ ကိုယ်ဝန် မရရှိနိုင်ပါ။ ကျော်သွားတဲ့ ဆေးလုံးတွေ လွှင့်ပစ်ပြီး သတိရတဲ့နေ့မှ ဆက်လက် သောက်နိုင်ပါတယ်။
◉ ရင်သားကင်ဆာရောဂါရှိသူနဲ့ သားဆက်ခြား
ရင်သားကင်ဆာရောဂါ ရှိသူ သားဆက်ခြားမယ်ဆို ကြေးနီ သားအိမ်တွင်းထည့်ပစ္စည်းကို အန္တရာယ် ကင်းစွာသုံးနိုင်ပါတယ်။
◉ ဆီးချိုရောဂါရှိသူနဲ့ သားဆက်ခြား
ဆီးချိုရောဂါရှိသူဖြစ်ပါက အများအားဖြင့် ဘယ်သားဆက်ခြားနည်းလမ်းကို မဆို သုံးနိုင်ပါတယ်။ ဒါပေမဲ့ နှစ်(၂၀)ကျော် ဆီးချိုရောဂါ ခံစားနေရပြီး၊ အင်ဆူလင် ဆေးထိုးနေသူ ဖြစ်ရင် ဒါမှမဟုတ် ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ခံစားနေရရင် ကြေးနီ သားအိမ်တွင်းထည့် ပစ္စည်းကို အသုံးပြုသင့်ပါတယ်။
ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်းနဲ့ တိုင်ပင်ပြီး သင့်တော်တဲ့ သားဆက်ခြား နည်းလမ်းကို ရွေးချယ်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(မြန်မာ)က တိုက်တွန်းထားပါတယ်။
◉ လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါရှိသူနဲ့ သားဆက်ခြား
လိင်မှတဆင့်ကူးစက်တတ်တဲ့ ရောဂါ (HIV -ခုခံအားကျဆင်းတဲ့ရောဂါအပါအဝင်) ခံစားနေရသူဖြစ်ပါက အများအားဖြင့် ဘယ်သားဆက်ခြားနည်းလမ်းကို မဆို သုံးနိုင်ပါတယ်။ သို့ပေမဲ့ သားအိမ်တွင်းထည့်ပစ္စည်းကို သုံးရင်တော့ အတားအဆီး အနည်းငယ် ရှိနိုင်တဲ့အတွက် ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်းနဲ့ တိုင်ပင်ပြီးမှသာ သုံးဖို့ အကြံပြုထားပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(မြန်မာ)က အချက်အလက်တွေကို ရယူဖော်ပြထားတာဖြစ်ပါတယ်။





The Tanintharyi Times
