ရေယုန်နဲ့ အိမ်တွင်းကုထုံး
ရေယုန်နဲ့ အိမ်တွင်းကုထုံး

မိုးရွာလိုက်၊ နေပူလိုက်ဖြစ်တဲ့ မိုးနှောင်းဆောင်းကူးကာလမှာ ရေယုန်တွေ အဖြစ်များလေ့ရှိပါတယ်။ ရေယုန် ဆိုတာက Herpes လို့ခေါ်တဲ့ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာပါ။ အထူးသဖြင့် နှုတ်ခမ်းတဝိုက်နဲ့ လိင်အင်္ဂါမှာ အရည်ကြည်ဖုတွေ ပေါက်လေ့ ရှိပါတယ်။
◉ ရေယုန်ဟာ ကူးစက်တတ်သလား
ရေယုန်ဟာ ကူးစက်တတ်ပါတယ်။ ရေယုန်ပေါက်နေသူရဲ့တံတွေးနဲ့ထိတဲ့ အရာတွေကို မျှဝေသုံးစွဲတာ၊ မျက်နှာသုပ်ပုဝါတွေ အပါအဝင် အသုံးအဆောင်တွေ မျှဝေသုံးစွဲတာ၊ ရေယုန်ဖြစ်နေသူရဲ့ အနာ(သို့)အနာမဟုတ်တဲ့ နေရာကနေ တိုက်ရိုက်ထိတွေ့တာ၊ ပါးစပ်နဲ့ လိင်ဆက်ဆံတာ တွေကနေ ကူးစက်တတ်ပါတယ်။
◉ ရေယုန်ဟာ ကလေးတွေမှာ ရောဖြစ်တတ်သလား
ကလေးတွေမှာလည်း ရေယုန်ဖြစ်တတ်ပါတယ်။ ပြင်းထန်တဲ့အခါ အသက်ဆုံးရှုံးတဲ့ အထိ ဖြစ်နိုင်ပါတယ်။
အထူးသဖြင့် ငါးနှစ်အောက်ငယ်တဲ့ကလေးတွေမှာ ဖြစ်နိုင်ပါတယ်။
◉ လက္ခဏာတွေကတော့
– သွားဖုံးရောင်ရမ်းလာတာ
– ပါးစပ်တဝိုက် အနာငယ်တွေ ပေါက်လာတာ
– လည်ချောင်းနာတာ
– အာသီးရောင်တာ
– မကြာခဏသွားရည်ကျတာ တို့ဖြစ်တတ်ပါတယ်။
တကယ်လို့ မိမိတို့ကလေးမှာ ရေယုန်ဖြစ်နေပြီဆိုရင် ရေဓာတ်ဆုံးရှုံးမှု မရှိအောင် ဂရုပြုပေးရပါမယ်။
◉ ရေယုန်နာအမျိုးအစား(၂)မျိုးရှိပါတယ်။
လိင်အင်္ဂါမှာဖြစ်တဲ့ရေယုန် နဲ့ နှုတ်ခမ်းနားတစ်ဝိုက်မှာဖြစ်တဲ့ ရေယုန်နာ တို့ဖြစ်ပါတယ်။
◉ ရေယုန်နာရဲ့လက္ခဏတွေ
ပိုးဝင်ပြီး တစ်ရက်နှစ်ရက်မှာ အရေပြားမှာ နာနေတတ်တယ်။
နောက်ပိုင်းမှာ အရည်ကြည်ဖုလေးတွေအစုလိုက်ဖြစ်လာတတ်တယ်။
အရည်ကြည်ဖုလေးတွေက ခပ်တင်းတင်းလေးတွေပါ၊ စပ်ဖျင်းဖျင်းခံစားနေရတတ်ပါတယ်။
အဖုလေးတွေရဲ့ဘေးပတ်လည်မှာ နီရဲနေပြီး ကိုယ်ပူတာ၊ ချောင်းဆိုးတာတွေကိုပါ ခံစားရတတ်ပါတယ်။
◉ ရေယုန်ဟာ ပျောက်သွားတတ်သလား၊ ထပ်ဖြစ်နိုင်သလား
ရေယုန်ဟာ စနစ်တကျကုသမှုခံယူရင် ပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် ထပ်ခါထပ်ခါလည်း ဖြစ်နိုင်ပါတယ်။ ရေယုန်အဖုလေးတွေက ပျောက်သွားတတ်ပေမယ့် ဗိုင်းရပ်စ်ဟာ အာရုံကြောထဲမှာကျန်နေတတ်တယ်။
◉ ရေယုန်ပြန်မဖြစ်အောင် ဘာတွေဂရုစိုက်ရမလဲ
ရေယုန်ဖြစ်ဖူးသူတွေက အိပ်ရေး၀၀အိပ်ဖို့လိုတယ်။ စိတ်ရောကိုယ်ပါပင်ပန်းတဲ့အလုပ်တွေ နားထားရပါ မယ်။ ဖျားနာခြင်းမဖြစ်အောင်လည်း ဂရုစိုက်ဖို့ အထူးလိုပါတယ်။
◉ ရေယုန်က ပွားတတ်သလား
ရေယုန်က ပွားတတ်တဲ့အနာ ဖြစ်ပါတယ်။ နှုတ်ခမ်းတဝိုက်အပြင် မျက်လုံး၊ ရင်ဘတ်၊ ခါးတွေ မှာလည်းပေါက် နိုင်ပါတယ်။ ရေယုန်က မျက်လုံးကို ကူးစက်သွားပြီးဆိုရင် မျက်စိနာတာ၊ မျက်ကြည်လွှာကို ထိတာတွေပါ ခံစားရနိုင်ပါတယ်။
◉ ရေယုန်ဖြစ်ရင် ဆောင်ရန်ရှောင်ရန်အချက်တွေ
အထူးသဖြင့် အရည်ကြည်ဖုတွေကို မသန့်ရှင်းတဲ့ လက်နဲ့ ကိုင်တာ၊ ညှစ်တာ မပြုလုပ်ဖို့လိုပါတယ်။
ငရုတ်သီးညှော်နဲ့ ကတ္တရာညှော်တွေကို အထူးရှောင်ကြဉ်သင့်ပါတယ်။
လူထူထပ်တဲ့နေရာကို ရှောင်သင့်ပါတယ်။
ရေယုန်ပေါက်နေချိန်မှာ အခြားသူတွေကို နမ်းတာမျိုး အထူး(အထူး) ရှောင်ကြဉ်သင့်ပါတယ်။
လိင်ဆက်ဆံတာကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။
(အခြားအချိန်တွေမှာ ကွန်ဒုံးသုံးတာကလည်း လိင်အင်္ဂါရေယုန်အပါအဝင် အခြားလိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေကနေ အကောင်းဆုံးကာကွယ်နည်းဖြစ်ပါတယ်)
စိတ်ဖိစီးတာမျိုး မဖြစ်အောင် ကြိုးစားနေသင့်ပါတယ်။
ရေယုန်ဖြစ်နေချိန်မှာ အိပ်ရေး၀၀အိပ်ဖို့လိုပါတယ်။ အရည်များများသောက်ပေးဖို့ လိုပါတယ်။
ဖြစ်နိုင်ရင် စိတ်ရောကိုယ်ပါအနားယူဖို့လိုပါတယ်။
အပြင်သွားမယ်ဆိုရင် နှာခေါင်းစည်တွေ တပ်ထားသင့်ပါတယ်။
◉ အိမ်တွင်း ကုသသနည်းတွေ
ရေယုန်ကြောင့်နာကျင်တာ သက်သာစေဖို့ ပိုးသတ်ဆေးတွေ သောက်သုံးနိုင်ပါတယ်။
နီရဲနေတဲ့ နေရာတွေကို ရေခဲကပ်ပေးတာမျိုး ပြုလုပ်နိုင်ပါတယ်။ ရေခဲကပ်ရာမှာအသုံးပြုတဲ့ အဝတ်ကို သီးသန့်ထားရပါမယ်။
ကင်းပုံရွက်သတ္တုရည်ကို လိမ်းပေးတာကလည်း ရေယုန်ကိုသက်သာစေပါတယ်။
တမာရွက်ကိုအခြောက်ခံကာ ပြာဖြစ်အောင်လုပ်ပြီး အုန်းဆီနဲ့လိမ်းပေးနိုင်ပါတယ်။
ရဲယိုရွက်သတ္တုရည်ကို လိမ်းပေးလို့လည်းရပါတယ်။
အနာသက်သာပြီး အမာရွတ်မကျန်နေစေဖို့ ကြိတ်မှန်ရွက်သတ္တုရည် လိမ်းပေးနိုင်ပါတယ်။
(သတ္တုရည်လိမ်းပေးတယ်ဆိုရာမှာ မိမိတို့အသုံးပြုမယ့် အပင်၊အရွက်တွေကို ဖုန်မှုန့်တွေ ကင်းစင်အောင် ဆေးကြောသန့်စင်ပေးဖို့လိုပါတယ်)
(ဆောင်းပါးရှင် PKN ဟာ တိုင်းရင်းဆေးတက္ကသိုလ်က (B.M.T.M) ဘွဲ့ရ တိုင်းရင်းဆေးဆရာတစ်ဦးဖြစ်ပါတယ်။)
PKN
The Tanintharyi Times