နိုင်ငံတကာ ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေနဲ့ NUG ဆက်တိုက် တွေ့ဆုံနေ၊မြန်မာစစ်တပ်ဆီ လက်နက်နဲ့ လေယာဉ်ဆီတင်သွင်းမှုကို ဥပဒေကြောင်းအရ ပိတ်ဆို့ဖို့ ယူကေနိုင်ငံဆိုင်ရာ ကုလအမြဲတမ်းကိုယ်စားလှယ်နဲ့ ဆွေးနွေ
နိုင်ငံတကာ ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေနဲ့ NUG ဆက်တိုက် တွေ့ဆုံနေ၊မြန်မာစစ်တပ်ဆီ လက်နက်နဲ့ လေယာဉ်ဆီတင်သွင်းမှုကို ဥပဒေကြောင်းအရ ပိတ်ဆို့ဖို့ ယူကေနိုင်ငံဆိုင်ရာ ကုလအမြဲတမ်းကိုယ်စားလှယ်နဲ့ ဆွေးနွေ
အမေရိကန်ပြည်ထောင်စုကို ရောက်နေတဲ့ အမျိုးသားညီညွတ်ရေး အစိုးရ – NUG တာဝန်ရှိသူတွေဟာ ဒီရက်ပိုင်းမှာ နိုင်ငံတကာခေါင်းဆောင်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေးမှု ၅ ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။
NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အရှေ့တီမောနိုင်ငံ သမ္မတ၊ နိုင်ငံတကာ သမ္မတဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ The Elders ဥက္ကဌနဲ့ တာဝန်ရှိသူတွေ၊ ယူကေနဲ့ ကနေဒါနိုင်ငံက ကုလသမဂ္ဂအမြဲတန်းကိုယ်စားလှယ်တွေ၊ အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာနက တာဝန်ရှိသူတွေ စတဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေးခဲ့တာပဲ ဖြစ်ပါတယ်။
အခုလ ၂၅ ရက်၊ မနေ့ကတော့ ယူကေနိုင်ငံဆိုင်ရာ ကုလအမြဲတမ်းကိုယ်စားလှယ် Barbara Woodward နဲ့ NUG နိုင်ငံခြားရေးဝန်ကြီး တို့ တွေ့ဆုံခဲ့ပြီး မြန်မာစစ်တပ်ဆီ လက်နက်တင်သွင်းမှု၊ လေယာဉ်ဆီတင်သွင်းမှု ကိစ္စတွေကို ဥပဒေကြောင်းအရ ပိတ်ဆို့အရေးယူနိုင်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ NUG က ထုတ်ပြန်ပါတယ်။
ကနေဒါနိုင်ငံဆိုင်ရာ ကုလအမြဲတမ်းကိုယ်စားလှယ် Bob Rae နဲ့လည်း စစ်အုပ်စုကို ပိုပြီး ဖိအားပေး အရေးယူတဲ့ ကိစ္စတွေ ဆောင်ရွက်ပေးဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
ယူကေနဲ့ ကနေဒါနိုင်ငံတို့ဟာ လေယာဉ်လောင်စာဆီ တင်ပို့မှု အပါအဝင် မြန်မာစစ်အုပ်စုကို ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်လုပ်ဆောင်ထားတဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။
NUG တာဝန်ရှိသူတွေဟာ အခုလ ၂၃ ရက်မှာ The Elders အဖွဲ့ ဥက္ကဌနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ထုတ်ပြောထားပါတယ်။
The Elders အဖွဲ့ဟာ နိုင်ငံတကာ ခေါင်းဆောင်ဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ အဖွဲ့အစည်းဖြစ်ပြီး ဥက္ကဌအဖြစ် လက်ရှိတာဝန်ယူထားသူ အိုင်ယာလန်နိုင်ငံသမ္မတဟောင်း Ms Mary Robinson ၊ မွန်ဂိုးလီးယားနိုင်ငံသမ္မတဟောင်းနဲ့ ဝန်ကြီးချုပ်ဟောင်း၊ ကိုလံဘီယာနိုင်ငံသမ္မတဟောင်း၊ The Elders အဖွဲ့ဝင်တွေနဲ့ NUG က တွေ့ဆုံခဲ့တာ ဖြစ်ပြီး မြန်မာ့အရေးကိစ္စနဲ့ ပတ်သက်ပြီး အမြင်ဖလှယ်ဆွေးနွေးခဲ့တယ်လို့သာ သိရပါတယ်။
The Elders အဖွဲ့ ဒုဥက္ကဌဖြစ်သူ ကုလအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်းက အဖွဲ့ကိုယ်စားလှယ်အဖြစ် ပြီးခဲ့တဲ့ ဧပြီလက နေပြည်တော်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံကာ မြန်မာ့အရေး ဖြေရှင်းဖို့ ကြိုးစားခဲ့ပေမယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရခဲ့သလို ရလဒ်တစုံတရာ ထွက်ပေါ်နိုင်ခြင်း မရှိခဲ့ပါဘူး။
အခုလ ၂၁ ရက်မှာတော့ NUG နဲ့ အရှေ့တီမောနိုင်ငံသမ္မတတို့ တွေ့ဆုံခဲ့ပြီး မြန်မာ့နွေဦးတော်လှန်ရေးမှာ ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားမယ့် ကိစ္စတွေကို ဆွေးနွေးခဲ့ကြ ပါတယ်။
နိုင်ငံတကာစာမျက်နှာမှာ အရှေ့တီမောနိုင်ငံဟာ ချက်သမ္မတနိုင်ငံပြီးရင် NUG ကို တရားဝင်အစိုးရတရပ်အဖြစ် ဒုတိယမြောက် အသိအမှတ်ပြုတဲ့ နိုင်ငံဖြစ်ပြီး စစ်ကောင်စီကတော့ တီမောသံရုံး တာဝန်ရှိသူတွေကို မြန်မာပြည်ကနေ မောင်းထုတ်ခဲ့ပါတယ်။
ဒေါ်ဇင်မာအောင်တို့ ကိုယ်စားလှယ်အဖွဲ့ဟာ လစ်သူရေးနီးယားနိုင်ငံခြားရေးဝန်ကြီးနဲ့လည်း တွေ့ဆုံခဲ့သလို အမေရိကန်အစိုးရ အာရှ-ပစိဖိတ်ဒေသရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Joseph Kritenbrink နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ်မှာ “ အမေရိကန်အနေနဲ့ MOGE (မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း) ကို ထိထိရောက်ရောက် ဖိအားပေး အရေးယူမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ကျမတို့ တိုက်တွန်းခဲ့တာ ရှိပါတယ် “ လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကုလအထွေထွေညီလာခံ ကျင်းပနေချိန်ကာလအတွင်းမှာပဲ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ လူ့အခွင့်အရေး ဒုဝန်ကြီး ဦးအောင်ကျော်မိုး၊ ပညာရေးနဲ့ကျန်းမာရေး ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာ ဝန်ကြီး ဦးထင်လင်းအောင်၊ မြန်မာ့ကုလသံအမတ် ဦးကျော်မိုးထွန်း စတဲ့ NUG တာဝန်ရှိသူတွေက နယူးယောက်မြို့မှာ နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့ ဆက်တိုက်တွေ့ဆုံခဲ့တာပဲ ဖြစ်ပါတယ်။
တွေ့ဆုံစဉ်မှာ မြန်မာ့အရေးဆွေးနွေးမှုတွေထဲ ဘယ်လို အသေးစိတ် အချက်အလက်တွေ ဆွေးနွေးခဲ့ကြသလဲဆိုတာကိုတော့ NUG က မထုတ်ပြန်ထားပါဘူး။
The Tanintharyi Times
