စစ်ကောင်စီက “ဝ”ဒေသကို ပြည်နယ်အဖြစ်တိုးမြှင့်သတ်မှတ်ပေးဖို့ မူအရ သဘောတူ / မိုင်းလားကိုလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပေးမယ်
စစ်ကောင်စီက “ဝ”ဒေသကို ပြည်နယ်အဖြစ်တိုးမြှင့်သတ်မှတ်ပေးဖို့ မူအရ သဘောတူ / မိုင်းလားကိုလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပေးမယ်

ထိုးစစ်ဆင်တိုက်ပွဲတွေကို ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာ အင်အားအကြီးဆုံးဖြစ်တဲ့“ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) ကတောင်းဆိုနေတာကြာပြီဖြစ်တဲ့ ပြည်နယ်အဆင့်ကို ပေးဖို့ မူအရ သဘောတူလိုက်တယ်လို့ သိရပါတယ်။
နေပြည်တော်မှာ စစ်ကောင်စီအဖွဲ့ နဲ့ UWSA၊ မိုင်းလား NDAA နဲ့ SSPP အဖွဲ့တွေ ဒီကနေ့ သွားရောက်တွေ့ဆုံခဲ့ပြီးနောက်မှာ ဒီသဘောတူညီချက် ထွက်လာခဲ့တာပါ။
စစ်ကောင်စီပြောခွင့်ရ ကတော့ “ မူအားဖြင့်သဘောတူတယ်။ သို့သော် လွှတ်တော်လမ်းကြောင်းကတစ်ဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမယ်။ အခုမပြင်ဆင်နိုင်သေးပေမဲ့ လွှတ်တော်ပေါ်လာတဲ့အခါ တပ်မတော်အနေနဲ့ အခုသဘောတူညီချက်တွေကို ထောက်ခံ ရပ်တည်သွားမယ်’’လို့ ဘီဘီစီကို ပြောထားပါတယ်။
“ဝ”ဒေသဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းက ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနဲ့ ပန်ဆန်း မြို့နယ် ၆ ခုကို ခရိုင်၂ ခရိုင်ဖွဲ့ပြီး အုပ်ချုပ်ခွင့်ရထားတာပါ။
“ဝ”အဖွဲ့နဲ့အတူ စစ်ကောင်စီကို တွေ့ဆုံခဲ့တဲ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA)က လည်း မိုင်းလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်နိုင်ဖို့ စစ်ကောင်စီက မူအရ သဘောတူညီမှု ပေးခဲ့တယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်းက မိုင်းလားကို လက်ရှိမှာ အထူးဒေသ(၄) အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။
The Tanintharyi Times