“ဝ” ၊ SSPPနဲ့ NDAA တို့ စစ်ကောင်စီနဲ့ ထပ်မံတွေ့ဆုံ
“ဝ” ၊ SSPPနဲ့ NDAA တို့ စစ်ကောင်စီနဲ့ ထပ်မံတွေ့ဆုံ

စစ်ကောင်စီနဲ့ တွေ့ဆုံဖို့အတွက် “ဝ” ပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA/မိုင်းလား) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)က တာဝန်ရှိသူတွေ နေပြည်တော်ကို မနေ့ကရောက်ရှိနေတယ်လို့ သိရပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်း ဆွေးနွေးရန် အတွက် စစ်ကောင်စီရဲ့ ဒုတိယအကြိမ်ဖိတ်ခေါ်မှုအရ လာရောက်တွေ့ဆုံတာလို့ ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် အခုနှစ် မေလကပြုလုပ်တဲ့ ပထမအကြိမ် တွေ့ဆုံဆွေးနွေးပွဲကိုလည်း ဝ၊ NDAA နဲ့ SSPP သုံးဖွဲ့တက်ရောက်ခဲ့ပါသေးတယ်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို စုစုပေါင်းအဖွဲ့ ၁၀ ဖွဲ့တက်ရောက်ခဲ့တာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကတော့ စစ်ကောင်စီနဲ့ ဆွေးနွေးညှိနှိုင်း အပေးအယူပြုလုပ်မှုမှန်သမျှဟာ တရားမဝင်သလို အဲဒီလို အပေးအယူ လုပ်တာတွေကိုလည်း နောင်ဆက်ခံမယ့် ဘယ်အစိုးရကမှ အသိအမှတ်ပြုလက်ခံမှာ မဟုတ်ဘူးလို့ ဇွန်လ ၁ ရက်မှာ ထုတ်ဖော်ပြောဆိုထားတာရှိပါတယ်။
အဖွဲ့သုံးဖွဲ့ဟာ စစ်ကောင်စီနဲ့ လာရောက်မတွေ့ဆုံမီ အခုလလည်လောက်က “ဝ”အဖွဲ့ UWSA ထိန်းချုပ်ဒေသဖြစ်တဲ့ ပန်ဆန်းမြို့မှာ တွေ့ဆုံခဲ့ကြပါသေးတယ်။
အဆိုပါ တွေ့ဆုံမှုမှာ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဦးဆောင်တဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC အဖွဲ့ဝင်တွေလည်း ပါဝင်ခဲ့တာကို တွေ့ရပါတယ်။
FPNCC မှာ UWSA၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA/မိုင်းလား)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ/ရှမ်းပြည် တပ်မတော် (SSPP/SSA) နဲ့ မြောက်ပိုင်းညီနောင်မဟာမိတ် အဖွဲလေးဖွဲ့ဖြစ်တဲ့ KIA၊ TNLA၊ ကိုးကန့် (MNDAA)နဲ့ ရက္ခိုင့်တပ်တော် (AA) စတဲ့ အဖွဲ့ ၇ ဖွဲ့ပါဝင်ပါတယ်။
The Tanintharyi Times