နာမကျန်းဖြစ်နေတဲ့လူငယ်ကို ပစ်သတ်ခဲ့တာဟာ သေနတ်လုလို့ ပစ်သတ်ခဲ့တာဖြစ်တယ်လို့ KNLA တုံ့ပြန်
နာမကျန်းဖြစ်နေတဲ့လူငယ်ကို ပစ်သတ်ခဲ့တာဟာ သေနတ်လုလို့ ပစ်သတ်ခဲ့တာဖြစ်တယ်လို့ KNLA တုံ့ပြန်
ဘုတ်ပြင်းမြို့နယ်၊ ချောင်းမွန်နဲ့ ဝါးဒင်းရွာကြားက KNLA စစ်ဆေးရေးဂိတ်မှာ အရပ်သားတစ်ဦးပစ်သတ်ခဲ့တာဟာ သေနတ်လုယူတာကြောင့်ဖြစ်တယ်လို့ KNLA ဘက်က တုံ့ပြန်ပြောဆိုပါတယ်။
ဘုတ်ပြင်းမြို့ကနေ မြိတ်မြို့ကို ဆေးကုသဖို့သွားတဲ့ အသက် ၂၃ နှစ်အရွယ် ကိုအာနိုးဟာ KNUတပ်မဟာ(၄)လက်အောက်ခံ KNLA တပ်ရင်း (၂၀၃)၊ တပ်ခွဲ(၃)ကတပ်ဖွဲ့ဝင်တွေစစ်ဆေးနေတဲ့ဂိတ်မှာ အခုလ ၁၁ ရက်နေ့ မနက်က သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တာပါ။ ကိုအာနိုးဟာ ရက်ရှည်ဖျားနာမှုကြောင့် စိတ်ကယောင်ခခြောက်ခြားဖြစ်နေသူဖြစ်တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အဲဒီပစ်ခတ်မှုဟာ အကြောင်းမဲ့ပစ်ခတ်တာမဟုတ်ဘဲ တပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆေးမှုမခံယူတာ၊ ရဲဘော်တွေကိုလက်သီးနဲ့ထိုးတာ၊ သေနတ်နဲ့မိုးပေါ်ထောင် ခြောက်လှန့်ပစ်ခတ်ခဲ့သူဆီကနေ သေနတ်ဝင်လုပြီး ထိုးနှက်တာတွေကြောင့် သေနတ်နဲ့ ပစ်သတ်ခဲ့ရတာဖြစ်တယ်လို့ KNLA တပ်ခွဲ(၃) တာဝန်ရှိသူက ပြောပါတယ်။
“သူ့ကိုသာမပစ်ရင် ကျွန်တော်တို့ရဲဘော်ဘယ်နှယောက်လောက်များ အသက်ပေးလိုက်ရမလဲ။ ကျွန်တော်တို့ဘက်က ရဲဘော်တွေရဲ့အသက်အန္တရာယ်ကိုလည်းထည့်တွက်ရတယ်။ ရသလောက်နည်းနဲ့တားပေမယ့် နောက်ဆုံးမဖြစ်မနေအခြေအနေရောက်မှပစ်လိုက်ရတာပါ။” လို့ KNLA တပ်ရင်း (၂၀၃)၊ တပ်ခွဲ(၃)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ကိုအာနိုးရဲ့ ရုပ်အလောင်းကို ဖခင်ဖြစ်သူဆီပြန်ပေးခဲ့ပေမယ့် ဖခင်ဖြစ်သူကိုယ်တိုင်က လက်မခံတဲ့အပြင် အလောင်းစရိတ်အတွက် ပိုက်ဆံကျပ်တစ်သိန်းကိုတောင်ပြန်ပေးခဲ့သေးတယ်လို့ KNLA ဘက်က ပြောပါတယ်။
ကိုအာနိုးရဲ့ မိသားစုနဲ့ နီးစပ်သူတွေဘက်ကတော့ အလောင်းပြန်မပေးလို့ ပြန်မယူခဲ့ရတာဖြစ်ပြီး KNLA ဘက်က ပိုက်ဆံကျပ်နှစ်သိန်း ပေးခဲ့သေးတယ်လို့ ပြောပါတယ်။
“စိတ်မနှံ့ဘူးလို့ ဘေးကနေအတန်တန်အော်ပြောနေတဲ့ကြားကနေ ပစ်ထည့်လိုက်တာ။ ပစ်သတ်ပြီးတာနဲ့ ဗိုလ်တစ်ယောက်ထွက်လာပြီး ပိုက်ဆံလာပေးတယ်။ အလောင်းပဲယူမယ် ပိုက်ဆံမလိုချင်ဘူး ပြောတာမရဘူး။” လို့ ကိုအာနိုးမိသားစုနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
အခုလ ၅ ရက်နေ့က အသတ်ခံရတဲ့ ကုန်တင်းကားမောင်းသူ ကိုအောင်ကိုကိုနဲ့ ကိုသားကမ်းတို့ဟာလည်း စစ်ကောင်စီတပ်ရဲ့ ခဲတွေကို သွားရောင်းပေးပြီး ရလာတဲ့ငွေကြေးတွေကနေ အကျိုးအမြတ်ရယူတာ၊ စစ်ကောင်စီတပ်တွေကို အကြိုအပို့လုပ်ပေးတာ၊ စစ်ကောင်စီတပ်ရဲ့ ပစ္စည်းတွေကို သယ်ယူပေးနေသူတွေဖြစ်ပြီး လိမ်လည်ပြောဆိုခဲ့တဲ့အတွက် သတ်ပစ်ခဲ့တာဖြစ်တယ်လို့ KNLA ဘက်က ပြောပါတယ်။
အဲဒီနေ့တုန်းကလည်း ကုန်တင်ကားပေါ်မှာ စစ်ကောင်စီတပ်သားတွေရဲ့ကွန်ပျူတာ၊ အသုံးအဆောင်ပစ္စည်းတွေနဲ့ စာရွက်စာတမ်းတွေစစ်ဆေးတွေ့ရှိခဲ့ပေမယ့် ကားသမားတွေဘက်က ဘူးခံငြင်းနေတဲ့အတွက် ဖမ်းဆီးသတ်ပစ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“စစ်တပ်ရဲ့ပစ္စည်းတွေပါလာတယ်ဆိုရင် အမှန်တိုင်းသာပြောလိုက် ကျွန်တော်တို့ဘက်က လွှတ်တယ်။ ပစ္စည်းတွေတော့သိမ်းခဲ့တယ်။ ပြီးရင် မှတ်တမ်းယူတယ် အေးဆေးပဲ။” လို့ KNLA တပ်ရင်း (၂၀၃)၊ တပ်ခွဲ(၃)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ကားသမားနဲ့နီးစပ်သူတွေကတော့ အဲဒီကုန်တင်ကားသမားနှစ်ဦးဟာ စစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့သူတွေမဟုတ်ဘူးလို့ ပြောဆိုပါတယ်။
“လက်နက်ကိုင်ထားတဲ့ ဘယ်တပ်မဆို ကားပေါ်ပစ္စည်းတင်ခိုင်းရင် ကျွန်တော်တို့ဘက်ကငြင်းလို့မရဘူး။ သူတို့မှာလက်နက်နဲ့ ကျွန်တော်တို့ဘက်က ပြေလည်အောင်ဆက်ဆံရတာပဲရှိတာ။” လို့ ကားသမားနဲ့နီးစပ်တဲ့အမျိုးသားတစ်ဦးက ပြောပတယ်။
လွန်ခဲ့တဲ့သုံးလခန့်ကလည်း KNLA ဂိတ်ကနေ ပြည်သူ့စစ်တစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ KNLA တပ်ရင်း (၂၀၃)၊ တပ်ခွဲ(၃) ရဲ့တာဝန်ရှိသူနဲ့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီပြည်သူ့စစ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မတ်လက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ကိုးဦးကျဆုံးခဲ့တဲ့ ကော့သောင်းမြို့နယ်၊ ဝိုင်ဒင်းရွာ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ပြည်သူ့စစ်ဖြစ်တယ်လို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ KNLA က ပြောပါတယ်။ အဲဒီပြောဆိုချက်နဲ့ပတ်သက်လို့ တနင်္သာရီတိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာမျိုးမရှိသေးပါဘူး။
“ရနောင်းဘက်ကနေ နေရပ်ပြန်လာတဲ့သူတွေကို ဦးဆောင်ပြီးပို့လာတာ။ နေရပ်ပြန်လာတဲ့အရပ်သားတွေ အားလုံးကိုလွှတ်ပေးလိုက်တယ်။ သူ့ကို(ပြည်သူ့စစ်)ပဲဖမ်းခဲ့တာ။” KNLA တပ်ရင်း (၂၀၃)၊ တပ်ခွဲ(၃)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဘုတ်ပြင်းမြို့နယ်၊ ချောင်းမွန်နဲ့ ဝါးဒင်းရွာကြားက စစ်ဆေးရေးဂိတ်ကနေ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာဟာ အကြောင်းမဲ့လုပ်တာတစ်ခုမှမရှိဘဲ အကြောင်းရှိလို့သာ လုပ်ရတာဖြစ်တယ်လို့ KNLA က ဆိုပါတယ်။
KNLA က အခုလို ပြောပေမယ့် အရပ်သားသတ်ဖြတ်ခံရမှုဖြစ်စဥ်တွေနဲ့ပတ်သက်လို့ ဝေဖန်ပြောဆိုမှုတွေလည်းရှိနေပါတယ်။
The Tanintharyi Times
