တစ်ပတ်တာ မြန်မာ
တစ်ပတ်တာ မြန်မာ

နိုင်ငံတဝှမ်းမှာ ဇူလိုင် ၂၀ ရက်ကနေ ၂၆ ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားဖြစ်စဉ် ၁၁ ခု ကို ကောက်နှုတ်ပြီး တနင်္သာရီတိုင်းမ်စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်။
၁။ မြန်မာစစ်တပ်နဲ့ ပတ်သက်တဲ့ လုပ်ငန်းရှင်လေးဦးကို အမေရိကန်က ဆန်ရှင်ပြန်ရုပ်သိမ်း
စစ်ကောင်စီတပ်အတွက် လက်နက်ကြားခံဝယ်ယူပေးနေသူတွေဆိုပြီး အရေးယူပိတ်ဆို့ထားတဲ့ လုပ်ငန်းရှင် လေးဦးကို အရေးယူမှုတွေ ပြန်ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက အခုလ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။ အဲ့ဒီလေးဦးက KT လုပ်ငန်းစုတည်ထောင်သူ ဂျော်နသန်မျိုးကျော်သောင်း၊ MCM Group တည်ထောင်သူ ဦးအောင်လှိုင်ဦး၊ Suntac Group တည်ထောင်သူ ဦးစစ်တိုင်းအောင်နဲ့ ဒေါ်တင်မင်းလတ်တို့ဖြစ်ပါတယ်။ သူတို့ကို မြန်မာစစ်တပ်အတွက်လက်နက်တင်သွင်းဝယ်ယူရေးမှာ အဓိကပါဝင်ပတ်သက်သူတွေအဖြစ် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်လက်ထက်က ပိတ်ဆို့အရေးယူခဲ့တာပါ။
၂။ စစ်ကိုင်းတိုင်းဘက်သွားမယ့် ကုန်ကားတွေ ခွင့်ပြုမိန့်တင်ဖို့ စစ်ကောင်စီအမိန့်ထုတ်
စစ်ကိုင်းတိုင်းဘက်ကို ကူးသန်းမယ့် ကုန်ကားတွေအကုန်လုံး မန္တလေးမြို့က စွယ်တော်ကားကြီးကွင်းမှာ စစ်ဆေးခံပြီးခွင့်ပြုလက်မှတ်ရမှသာ သွားခွင့်ရမယ်ဆိုတဲ့အမိန့်ကြောင့် စွယ်တော်ကားကွင်းမှာ ကားအစီးရေ ထောင်နဲ့ချီကာ ပိတ်မိနေတယ်လို့ People’s Spring က သတင်းဖော်ပြပါတယ်။ စစ်ကိုင်းမြို့ကိုကူးတဲ့ ရတနာပုံတံတားကနေ ဖြတ်သန်းသွားလာမယ့် ၁၅တန်အောက်နဲ့ အထက် ကုန်ကားတွေကို အခုလ ၂၁ ရက်ကစတင်ပြီး ပြည်ကြီးမင်္ဂလာ(စွယ်တော်ကားကြီးကွင်း)မှာ စီစစ်သွားမှာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေရဲ့ကားတွေ၊ စစ်တပ်ကအရာရှိတွေ ပိုင်ဆိုင်တဲ့ ကုန်တင်ပို့နေတဲ့ ကားတွေကို ကြားပေါက်စနစ်နဲ့ စစ်ဆေးတာတွေရှိနေတာကြောင့် ၂၁ရက်နေ့ကနေ ၂၆ ရက်အထိ အစစ်ဆေးမခံရလို့ ခွင့်ပြုချက်မရသေးတဲ့ ကားအများအပြားရှီ နေပါတယ်။
၃။ စစ်ကောင်စီတပ်က ခွဲထွက် DKBA/BGF တို့နဲ့ ပူးပေါင်းပြီး ကရင်၊ ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းကို ပြန်ထိန်းချုပ်
ကရင်ပြည်နယ်၊ ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ စစ်ကောင်စီက အခုလ ၂၅ ရက်မှာ သတင်းစာကနေ မှတ်တမ်းဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ပါတယ်။ ဒီလမ်းပိုင်းက အာရှလမ်းမကြီးပေါ်မှာရှိနေပြီး ကော့ကရိတ်မြို့ကနေ မြဝတီမြို့-ဘားအံ-မော်လမြိုင်နဲ့ ကြာအင်းဆိပ်ကြီးမြို့တွေကို သွားနိုင်တဲ့လမ်းပိုင်းဖြစ်ပါတယ်။စစ်ကောင်စီတပ်က သူနဲ့ ပူးပေါင်းထားတဲ့ ခွဲထွက် DKBA /BGF ဗိုလ်ဘိ အဖွဲ့ နဲ့ ပေါင်းပြီး စစ်ကြောင်း နှစ်ကြောင်းနဲ့ ပိတ်ဆို့ပြီး ညှပ်တိုက်ခိုက်ခဲ့တာလို့ ဘီဘီစီသတင်းအရသိရပါတယ်။ လမ်းပိုင်းပြန်ရဖို့ စစ်ဆင်ရေးကာလ သုံး လကျော် တိုက်ခိုက်ခဲ့ရပြီး တိုက်ပွဲကြီး ၇ ကြိမ်၊ ထိတွေ့တိုက်ပွဲ ၈၅ ကြိမ် ရှိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
၄။ စစ်ကောင်စီတပ်ရဲ့အသေခံဒရုန်းအပျက် ကျလာတဲ့အပေါ် ထိုင်းကန့်ကွက်စာပို့
ထိုင်းနိုင်ငံပိုင်နက်ထဲ စစ်ကောင်စီတပ်ရဲ့ ဒရုန်းတစ်စင်းပျက်ကျတဲ့အတွက် တရားဝင် ကန့်ကွက်စာကို ထိုင်းအစိုးရက ပေးပို့လိုက်တယ်လို့ PBS သတင်းဌာနက ဖော်ပြပါတယ်။ မြန်မာ – ထိုင်း နှစ်နိုင်ငံနယ်စပ်အရေးတွေကို ကိုင်တွယ်ဖြေရှင်းဖို့ စစ်ကောင်စီနဲ့ ထိုင်းအာဏာပိုင်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ နယ်စပ်ကော်မတီ (TBC) က တစ်ဆင့်ပေးလိုက်တာလို့ ဘီဘီစီက သတင်းဖော်ပြပါတယ်။ စစ်ကောင်စီတပ်ရဲ့ ကာမီကာဇေ ဒရုန်းအပျက်တစ်စင်းကို ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ထဲက ထာ့ဆောင်ယန်းမြို့နယ်ထဲက ခွန်မယ့်ဝေကျေးရွာအနီးမှာ တွေ့ခဲ့တာပါ။ ဒီဒရုန်းကို နယ်စပ်က KNLA စခန်းကို တိုက်ခိုက်ဖို့ ရည်ရွယ်ခဲ့တာဖြစ်နိုင်ပြီး နည်းပညာချို့ယွင်းကာ ထိုင်းနိုင်ငံပိုင်နက်ထဲကျရောက်ခဲ့တာလို့ ထိုင်းအာဏာပိုင်တွေက သုံးသပ်ပါတယ်။
၅။ ကရင်နီက အခြေခံပညာကျောင်းတွေ ယာယီပိတ်လိုက်ရ
ကယား(ကရင်နီ) ပြည်နယ်ထဲမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုနဲ့ စစ်ကြောင်းထိုးတာတွေကြောင့် ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ပညာရေး ဌာနအောက်က အခြေခံပညာစာသင်ကျောင်း ၅၀၀ ကျော်ကို ယာယီပိတ်ထားလိုက်ပြီလို့ IEC အတွင်းရေးမှူး ၂ ကိုဗညားက ဘီဘီစီကို ပြောပါတယ်။ IEC ပညာရေးအောက်မှာ ဖွင့်ထားတဲ့ အခြေခံပညာ ကျောင်းပေါင်း ၅၀၀ ကျော်ရှိပြီး ဆရာ၊ ဆရာမ ၄၅,၀၀ ကျော်က ကျောင်းသူကျောင်းသား ၅၀,၀၀၀ ကျော်ကို ပညာသင်ပေးနေတာပါ။ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ပညာရေးဌာနနဲ့ ချိတ်ဆက်ထားတဲ့ စာသင်ကျောင်းတွေ ယာယီပိတ်ဖို့ NUG က မေ ၅ မှာ ထုတ်ပြန်ခဲ့ဖူးပါတယ်။
၆။ ရနောင်း- ကော့သောင်း- ရန်ကုန်ပြေးဆွဲတဲ့ကုန်တင်သင်္ဘောတစ်စင်း နစ်မြုပ်
ထိုင်းနိုင်ငံ၊ ရနောင်းမြို့ကနေ ကော့သောင်းမြို့နဲ့ ရန်ကုန်ကို ပြေးဆွဲတဲ့ ကမ်းရိုးတန်းသွား ကုန်တင်သင်္ဘောတစ်စင်းဟာ အခုလ ၁၉ ရက် မနက်ပိုင်းမှာ မတော်တဆဖြစ်ပြီး ပင်လယ်မှာ တိမ်းမှောက်ခဲ့ပါတယ်။ အဲဒီသင်္ဘောဟာ ကော့သောင်းကနေ ရန်ကုန်မြို့ကို အဝင် ရန်ကုန်မြစ်ဝ ရေကြောင်းပြစခန်းနဲ့ ရေမိုင် ၇ မိုင်အကွာ ပင်လယ်ပြင်မှာ ကုန်အပြည့်နဲ့ နစ်မြုပ်သွားတာပါ။ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းခရီးစဉ်အတိုင်း အဲ့ဒီသင်္ဘောဟာ ပုံမှန်သွားနေကျ ဖြစ်ပြီး သင်္ဘော တည်ငြိမ်မှုကို ထိန်းပေးတဲ့ ဝမ်းဗိုက်ထဲက ရေတိုင်ကီထဲ ရေဝင်သွားတာကြောင့် အခုလို နစ်မြုပ်ခဲ့တာလို့ ဆိုပါတယ်။ သင်္ဘောနစ်မြုပ်နိုင်ခြေကို သိချိန် စောတာကြောင့် ကုမ္ပဏီသင်္ဘောနဲ့ ရေတပ်က သင်္ဘော နှစ်စင်းတို့ အကူအညီကြောင့် ကုန်တင်သင်္ဘောပေါ် ပါလာတဲ့ သင်္ဘောသားတွေကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။ မြုပ်သွားတဲ့ သင်္ဘောက အိမ်သုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်းတွေ သယ်ယူလာတာ ဖြစ်ပါတယ်။
၇။ ကျောက်ကြီးရှိ စစ်ကောင်စီစခန်း နှစ်ခုကို တော်လှန်ရေး ပူးပေါင်းတပ်သိမ်းပိုက်
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုကို အခုလ ၂၅ရက်မှာ တော်လှန်ရေး ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ People’s Spring က ဖော်ပြပါတယ်။စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေး(JOC) အစီအမံနဲ့ ကျောက်ကြီးမြို့နယ်၊ ရင်းတိုက်ကုန်းကျေးရွာနဲ့ လက်ပတ်ကျေးရွာတို့မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီတပ်က ၁၆ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂) စစ်ဆင်ရေးနယ်မြေ သတင်းပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်တွေ၊ ခဲယမ်းတွေနဲ့ စစ်သုံးဆက်စပ်ပစ္စည်းတွေကို သိမ်းပိုက်ရရှိခဲ့ပါတယ်။

၈။ NUGက ကနီမြို့နယ်ဆိုင်ရာ တရားသူကြီးလေးဦးကို တာဝန်က ရပ်စဲ
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊တရားရေးဌာနရဲ့ ကနီမြို့နယ်က တရားသူကြီးလေးဦးကို တာဝန်က ရပ်စဲပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ NUGအစိုးရက ထိန်းချုပ်မြို့နယ်တွေမှာ တစ်မြို့နယ်ကို တရားသူကြီးသုံးဦး ကနေ ငါဦးအထိ ခန့်အပ်ထားတာပါ။ ကနီမြို့နယ်မှာတော့ NUG၊ တရားရေးဌာနက တရားသူကြီးလေးဦးခန့်အပ်ထားပါတယ်။ အဲ့ဒီတရားသူကြီးလေးဦးကို ယာယီသမ္မတ လက်မှတ်နဲ့ အခုလ ၁၇ ရက်မှာ တာဝန်ရပ်စဲလိုက်ခြင်းဖြစ်ပါတယ်။
၉။ စစ်ကောင်စီသင်္ဘောတန်းကို ဧရာဝတီပူးပေါင်းစစ်ကြောင်း တိုက်ခိုက်
မန္တလေးမြို့၊ဂေါဝိန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘော ၁၇ စီးကို တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောအချို့ မီးလောင်ပျက်စီးကာ ၁စီး နစ်မြှုပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ( NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ စစ်သင်ေ္ဘာတွေကို သပိတ်ကျင်းမြို့နယ်၊ ချောင်းသလဲကျေးရွာ၊ ကျောက်ကြီးဇာတ်ဆိပ်ကြားနေရာတွေမှာ ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။ တိုက်ခိုက်မှုမှာ စစ်သင်ေ္ဘာတစ်စီးပျက်စီးမီးလောင်ကာ တစ်စီးနစ်မြှပ်ခဲ့ပြီး နှစ်စီးဆက်လက်မောင်းနှင်နိုင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။ စစ်သင်္ဘော (၁၇) စီး တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မန္တလေးတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ ပြင်ဦးလွင်ခရိုင်စစ်ဌာနကွပ်ကဲမှုနဲ့ ဧရာဝတီစစ်ကြောင်းက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။

၁၀။ စစ်ကောင်စီကိုအရေးယူပိတ်ဆို့မယ့် ဥပဒေမူကြမ်းသုံးခုကို အမေရိကန်လွှတ်တော်ကော်မတီ အတည်ပြု
စစ်ကောင်စီရဲ့ ပင်မငွေကြေးအရင်းအမြစ်ကို ဖြတ်တောက်ဖို့နဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လျော့ကျစေဖို့ ရည်ရွယ်တဲ့ ဥပဒေမူကြမ်းသုံးခုကို အမေရိကန်အောက်လွှတ်တော် ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုကော်မတီက အခုလ ၂၂ ရက်မှာ အတည်ပြုလိုက်ပါတယ်။ စစ်ကောင်စီကို အရေးယူပိတ်ဆို့မှုတိုးချဲ့ဖို့ရည်ရွယ်တဲ့ BRAVE Burma Act၊ လူသားချင်းစာနာမှုအကူအညီပေးအပ်ဖို့ ၊ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဒုက္ခသည်စခန်းတွေ အကာအကွယ်ပေးဖို့ ရည်ရွယ်တဲ့ Burma GAP Act နဲ့ ကမ္ဘာ့ဘဏ်(World Bank)အပါအဝင် နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေဆီကနေ စစ်ကောင်စီထံ ငွေကြေးစီးဆင်းမှု ဖြတ်တောက်ရေးအတွက် ရည်ရွယ်တဲ့ No New Burma Funds Act စတဲ့ ဥပဒေမူကြမ်းသုံးခုကို အောက်လွှတ်တော်ကော်မတီက တစ်ရက်တည်းအတည်ပြုလိုက်တာပါ။ မဲခွဲအတည်ပြုလိုက်တဲ့ မူကြမ်းသုံးခုကို ဥပဒေအဖြစ်အတည်ဖြစ်အောင် အောက်လွှတ်တော်ဆီ တင်သွင်းဖို့ ပြင်ဆင်နေပြီး အောက်လွှတ်တော်မှာ အတည်ပြုပြီးရင်တော့ အထက်လွှတ်တော်ရဲ့ အတည်ပြုချက်ရရှိဖို့ ဆက်တင်သွင်းရမှာ ဖြစ်ပါတယ်။
၁၁။ မန္တလေး PDF သိမ်းရခဲ့တဲ့ စစ်ကောင်စီ လက်နက်ခဲယမ်းတွေမှာ တရုတ်လက်နက်ကုမ္ပဏီက ပစ္စည်းတွေ ပါဝင်နေ
မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မက စစ်ကောင်စီထံမှ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေမှာ တရုတ်နိုင်ငံပိုင် လက်နက်ကုမ္ပဏီက ထုတ်လုပ်တဲ့ ပစ္စည်းတွေပါဝင်နေတာကြောင့် တရုတ်အစိုးရအနေနဲ့ စစ်ကောင်စီကို စစ်လက်နက်နဲ့ နည်းပညာအကူအညီပေးတာတွေ ရပ်တန့်ဖို့ Justice For Myanmar က တောင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက မန္တလေးပြည်သူ့ကာကွယ်ရေးတပ်က သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေမှာ တရုတ်နိုင်ငံပိုင် စစ်လက်နက်ကုမ္ပဏီ NORINCO ကထုတ်လုပ်တဲ့ GBP128 မိုင်းရှင်းလင်းရေး လမ်းကြောင်းဖော်စက်တွေ ပါဝင်ခဲ့ပါတယ်။ NORINCO ကုမ္ပဏီက စစ်ကောင်စီရဲ့ ပြည်တွင်း စစ်လက်နက်ထုတ်လုပ်ရေးအပါအဝင် စစ်ကောင်စီအတွက် စစ်လက်နက်တွေနဲ့ နည်းပညာတွေကို အဓိကပံ့ပိုးပေးနေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။၂၀၁၇ မှာ ယင်းကုမ္ပဏီနဲ့ စစ်ကောင်စီတို့ ကာကွယ်ရေးပစ္စည်းဆိုင်ရာ ရောင်းဝယ်မှုနဲ့ ဆက်စပ်နည်းပညာတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့် လုပ်ဆောင်ဖို့ သဘောတူခဲ့ကြတယ်လို့ JFM က ပြောပါတယ်။


The Tanintharyi Times