ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခမှာ သေဆုံးသူ ၃၂ ဦးထိ ရှိလာပြီး စစ်ရှောင် ပြည်သူ ၁၆၁,၀၀၀ ကျော်လာ

ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခမှာ သေဆုံးသူ ၃၂ ဦးထိ ရှိလာပြီး စစ်ရှောင် ပြည်သူ ၁၆၁,၀၀၀ ကျော်လာ

ကမ္ဘောဒီးယားက အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုထား

ထိုင်း – ကမ္ဘောဒီယား နယ်စပ်ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် နှစ်နိုင်ငံအတွင်း သေဆုံးသူ ၃၂ ဦးထိ ရှိလာပြီး စစ်ရှောင် ပြည်သူ ၁၆၁,၀၀၀ ကျော်လာပြီလို့ ဂါးဒီယန်း သတင်းမှာဖော်ပြထားပါတယ်။

ကမ္ဘောဒီးယားနိုင်ငံက ထိုင်းနဲ့ ချက်ချင်းအပစ်ခတ်ရပ်စဲလိုကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ကမ္ဘောဒီးယားရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးက ထိုင်းနိုင်ငံနဲ့ ချက်ချင်းအပစ်အခတ်ရပ်စဲဖို့ အလို ရှိတယ်လို့ နယူးယောက်မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အရေးပေါ်အစည်းအဝေးအပြီး သတင်းမီဒီယာ တွေကို ပြောဆိုခဲ့တယ်လို့ ဂါးဒီယန်း သတင်းကဆိုပါတယ်။

ထိုင်း – ကမ္ဘောဒီယား နယ်စပ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ ထိုင်းဘက် က ၁၉ ဦးသေဆုံးခဲ့ပြီး အဲ့ဒီထဲမှာ အရပ်သား ၁၃ ဦး နဲ့ စစ်သား ၆ ဦးပါဝင်တယ်လို့ သိရပါတယ်။

လက်ရှိအချိန် ထိ ကမ္ဘောဒီးယားဘက် က စစ်သား ၅ ဦးနဲ့ အရပ်သား ၈ ဦး စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့တယ်လို့ လည်း ထုတ်ပြန်ထားပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က အပစ်အခတ်ရပ်စဲရေးအတွက် မလေးရှားဝန်ကြီးချုပ်ရဲ့ အဆိုပြုချက်ကို ထောက်ခံကြောင်း သူရဲ့ လူမှုကွန်ရက် ကတဆင့် အသိပေးထားပါတယ်။

ကာလရှည်ကြာ အငြင်းပွားနေတဲ့ နယ်နိမိတ်ပြဿနာ ကနေ ပြီးခဲ့တဲ့ ကြာသာပတေးနေ့မှာ အပြန် အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ဆယ်စုနှစ် တစ်ခုအတွင်း နှစ်နိုင်အကြား အဆိုးဆုံး ပဋိအက္ခဖြစ်ပွားခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲ ဖို့ နှစ်ဖက်လုံးကပြောဆိုနေပေမယ့် အငြင်းပွားနေတဲ့ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်က ဖူမာခူအာတောင်ကုန်းကို ဒီမနက်မှာပဲ ထိုင်းစစ်တပ်က သိမ်းပိုက်ခဲ့ပါတယ်။

ဖူမာခူအာတောင်ဟာ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်က အငြင်းပွားနေတဲ့ ပရိဝိဟာ ဟိန္ဒူ ဘုရားကျောင်းရဲ့ အနောက်ဘက်မှာရှိပြီး အဲဒီနယ်စပ်မှာ ကမ္ဘောဒီးယားကလည်း စစ်တပ်ချထားပြီး ပြန်လည်ပစ်ခတ်နေလို့ တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။

ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့မနက်ပိုင်းမှာ ထိုင်းဘက်က ကလပ်စတာ ဗုံးတွေနဲ့ပစ်ခတ်တိုက်ခိုက်တဲ့ အပြင် တာရတ်ပြည်နယ် ကိုရေတပ်နဲ့ဝင်တိုက်ခဲ့တယ်လို့ လည်းစွပ်စွဲထားပါတယ်။

ထိုင်း ကျန်းမာရေးဝန်ကြီးဌာနက နယ်စပ်ဒေသမှ ပြည်သူ ၁၃၈,၀၀၀ ကျော် အရေးပေါ် စစ်ဘေးရှောင် စခန်း တွေမှာ နေရာချထားပေးရတယ်လို့ ပြောကြားထားပြီး ကမ္ဘောဒီးယား အစိုးရကလည်း နယ်စပ်အနီးရှိ ပြည်သူ ၂၃,၀၀၀ ကျော် စစ်ရှောင်နေရတယ်လို့ ထုတ်ပြောလာပါတယ်။

ကိုးကား – ဂါးဒီယန်း

(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times