စစ်တပ်က ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက် ပြစ်ဒဏ်စီရင်နိုင်မယ့်အချိန်အထိ နည်းလမ်းပေါင်းစုံနဲ့တော်လှန်ဖို့ တနင်္သာရီလူမျိုးပေါင်းစုံ ကွန်ဂရက် တိုက်တွန်း

စစ်တပ်က ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက် ပြစ်ဒဏ်စီရင်နိုင်မယ့်အချိန်အထိ နည်းလမ်းပေါင်းစုံနဲ့တော်လှန်ဖို့ တနင်္သာရီလူမျိုးပေါင်းစုံ ကွန်ဂရက် တိုက်တွန်း

စစ်တပ်က ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက် စစ်ရာဇဝတ်သားတွေကို ပြစ်ဒဏ်စီရင်နိုင်တဲ့အချိန်အထိ နည်းလမ်းပေါင်းစုံနဲ့ ပြတ်ပြတ်သားသားဆတ့်ကျင်တော်လှန်ဖို့ တနင်္သာရီလူမျိုးပေါင်းစုံကွန်ဂရက်(TNC) က တိုက်တွန်းလိုက်ပါတယ်။

ဦးဂျင်မီ (ခ) ဦးကျော်မင်းယု၊ ဦးဖြိုးဇေယျာသော် ၊ ဦးလှမျိုးအောင် နဲ့ ဦးအောင်သူရဇော်တို့ကို စစ်တပ်က သေဒဏ်စီရင်လိုက်တာနဲ့ပတ်သက်ပြီးအခုလိုထုတ်ပြန်လိုက်တာပါ။

ပြည်တွင်းစစ်ကာလတစ်လျှောက်လုံးမှာ စစ်အုပ်စုက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ နဲ့ စစ်ရာဇဝတ်မှုတွေအတွက် အပြစ်ပေးအရေးယူမှု မခံခဲ့ရဘဲ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရခဲ့တဲ့အခြေအနေတွေကြောင့် အခုလိုမျိုးရက်စက်ကြမ်းကြုပ်တဲ့ လူသတ်မှုတွေကို လက်ရဲဇက်ရဲ ထပ်ခါတလဲလဲကျူးလွန်နေတာဖြစ်တယ်လို့ TNC က ထုတ်ပြန်ထားပါတယ်။

ဦးဂျင်မီ (ခ) ဦးကျော်မင်းယု၊ ဦးဖြိုးဇေယျာသော် ၊ ဦးလှမျိုးအောင် နဲ့ ဦးအောင်သူရဇော်တို့ကို သေဒဏ်စီရင်ခဲ့တဲ့ဖြစ်စဥ်ဟာ စစ်ကောင်စီအနေနဲ့ လက်နက်အားကိုးနဲ့ အစွမ်းကုန် ဆက်လက် ဖိနှိပ်သတ်ဖြတ်မယ်ဆိုတဲ့အကြောင်း မိုက်ရိုင်းတဲ့ သတင်းစကားပါးမှုအနေနဲ့ရှုမြင်တယ်လို့ TNC ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ မတရားဖမ်းဆီးသတ်ဖြတ်မှုကြောင့် အသက်ပေးခဲ့ရတဲ့အာဇာနည်တွေရဲ့ ကျန်ရစ်သူမိသားစုဝင်တွေနဲ့ထပ်တူဝမ်းနည်းပူဆွေးရကြောင်းကိုလည်း TNC က ထုတ်ပြန်ထားပါတယ်။

The Tanintharyi Times