အဖျင်းအမှော်ကို ရှင်းဖယ်သန့်စင်နေရသူ လူငယ်တစ်ဦးသို့
အဖျင်းအမှော်ကို ရှင်းဖယ်သန့်စင်နေရသူ လူငယ်တစ်ဦးသို့
မိုင်ဒေးမှာ မင့်ပုံကို မြင်တော့ မရှိတော့တဲ့ မင်းအဘွားကို သတိရ
မင်းအဘွားသာရှိခဲ့ရင် မင်းကို ဘယ်လောက် အားရလိမ့်မလဲ မတွေးဘဲ မနေနိုင်
မင်းကိုမြင်မှ မင်းအဘွားကို လွမ်းရတယ် လွမ်းလှတယ် ငါ့သား
မင်းအဖေရဲ့ ကွယ်ကွယ်ဝှက်ဝှက်အလွမ်းတွေ ငါဖတ်ရတဲ့ခါ ဒါဟာ
သူ့သားကြီးရဲ့ လမ်းကို လှမ်းကြည်ညိုပုံတစ်မျိုးပဲလို့ ငါသဘောရ
နိုင်ငံရေးစိတ်ကြီးလှတဲ့ တောက လယ်သူမကြီးရဲ့ မျိုးဆက်သွေးတစ်စက်ပ
တောင်တန်းတွေဘက်ကို ဒုတိယအကြိမ် အတည်တမ်းထွက်ခဲ့တာဟာ
နိုင်ငံရဲ့ ခေါ်သံ ကြားလို့လား မင်းအဘွားရဲ့ ခေါ်သံကြားလို့လား
အေး၊ ယဉ်ကျေးတဲ့ ခေတ်မဟုတ်ခဲ့လို့လည်း စစ်သံကြားရင် အိုးစားဖက်ရှာပြီးထွက်ရတာပါကလား
ကျောင်းမှာ အိုးမဝေခဲ့ပေမဲ့ ခေတ်ကြီးက ဆင့်တဲ့ခါ တောမှာ အိုးဝေလိုက်တာလည်း ငါ့မှာ အားရသပ
မြေကြီးကို ဘယ်လို ဖွင့်ရသလဲ ပန်းတွေကို ဘယ်လို ပွင့်စေသလဲ မင်းအဖေရဲ့ လယ်တောမှာ သင်ခဲ့ပြီး
အမိမြေကြီးရဲ့ ဘူမိအောက်လွှာတွေနဲ့ ကျောက်အမာတွေကို ထွင်းဖောက်လေ့လာခြင်းများ ဝကွက် ကွင်းထားခဲ့
ဒီစစ်တုရင်ခုံပေါ် မင်းဆုံးဖြတ်ချက်နဲ့ မင်းထွက်သွားခဲ့တဲ့နေ့က ငါတို့ဆုံခဲ့ရာလက်ဖက်ရည်ဆိုင်မှာ သီချင်းမဖွင့်ဘူး
မိုင်ဒေးမှာ မင်းရဲ့ ဓာတ်ပုံကို မြင်ရတဲ့ နေ့က ငါ့ရဲ့ နားစည်မှာ နွေဦးဂီတသံတွေ စီစီဝေဝေ ထမြည်လေရဲ့
စစ်ရဲ့ သားမဟုတ်တဲ့ စစ်ကိုသားမယ့် စစ်သားကြီး လုံးလုံးပေါ့ အဲ့သလို ငါ စိတ်ကို ဒုန်းဒုန်းချနိုင်ခဲ့
အမုန်းနဲ့ နာကြည်းချက်တွေကိုလည်း သားပြီး အမှန်တရားနဲ့ မျှတမှုကို နေရာတကျထားဖို့ ဆက်သွားလိုက်ပါ့
“သုံးပါးလောက ငြိမ်းအေး ငြိမ်းအေး ကယ်ယူ ကယ်ယူ ဉာဏ်ပန်း မွှေးလှိုင်ကြူ”
ရောင်ခြည်တော်ဘွဲ့ သီချင်းထဲကလို ရေနဲ့ မီးကို အတူအမျှ စွဲထားလိုက်ပါ့
ရန်သူ့အတွက် မီး ပြည်သူ့အတွက် ရေ မီးတိုက်သူတွေကို လောင်ကျွမ်းစေပြီး
နိုင်ငံတော်မှာ ကျွမ်းလောင်နေသမျှ မီးတွေကို ငြှိမ်းသတ် အေးမြစေပါ့
ခေတ်ကြီးက ပစ်တင်လိုက်လို့ စစ်တုရင်ခုံပေါ် ခုန်တက်စဉ်က နယ်ရုပ်ကလေးမျှ ဖြစ်ချင်လည်း ဖြစ်ခဲ့မယ့် မင်း
စစ်တုရင်ခုံပေါ်က ပကတိဆင်းလာတဲ့ တစ်နေ့ မင်းပုံတူဓာတ်ပုံနဲ့ မင်းအဘွား စပါးလှေ့နေတဲ့ပုံကို
ငါ့ရဲ့ မိုင်ဒေးမှာ အတူယှဉ်တွဲပြီး တင်လိုက်မယ်လို့ ငါနေ့စဉ်စိတ်ကူးနေရဲ့။
မောင်လင်းရိပ်
The Tanintharyi Times
