စစ်ကောင်စီလက်အောက်မှာ ကမ္ဘာကြီးရဲ့ဘိန်းခင်း ဖြစ်လာတဲ့ မြန်မာနိုင်ငံ
စစ်ကောင်စီလက်အောက်မှာ ကမ္ဘာကြီးရဲ့ဘိန်းခင်း ဖြစ်လာတဲ့ မြန်မာနိုင်ငံ
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ မြန်မာနိုင်ငံဟာ လူမှုရေး ၊စီးပွားရေးမတည်ငြိမ်မှုတွေ ဆက်တိုက်ကြုံတွေ့နေရတဲ့အပြင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုလည်း မြင့်တက်လာပါတယ်။ နိုင်ငံရဲ့ ဝေးလံခေါင်သီတဲ့ဒေသတွေကတောင်သူတွေဟာ ငွေရလွယ်တဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်ဖို့ ဖိအားပေးခံနေရပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်အစိုးရက ဘိန်းစိုက်ပျိုးမှုကို တင်းတင်းကျပ်ကျပ်တားမြစ်ထားပါတယ်။ တာလီဘန်အစိုးရက ဘိန်းခင်းတွေကို ဖျက်ဆီးပြီးနောက်ပိုင်း အာဖဂန်နစ္စတန်ရဲ့ ဘိန်းထုတ်လုပ်မှု ၉၅ ရာခိုင်နှုန်းထိ လျော့ကျသွားတယ်လို့ စစ်တမ်းတွေအရသိရပါတယ်။
ဒါဟာ ကမ္ဘာ့ဘိန်းမှောင်ခိုစျေးကွက်ရဲ့ အလှည့်အပြောင်းဖြစ်ပေါ်လာပြီး ယခင် အာဖဂန်နစ္စတန်ရဲ့ ဘိန်းထုတ်လုပ်မှု အများဆုံးနေရာကို မြန်မာနိုင်ငံကလွှဲပြောင်းရယူလိုက်ပါတယ်။
မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး ရဲ့ ၂၀၂၃ ခုနှစ် အရှေ့တောင်အာရှဒေသ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ခင်း ဟက်တာ ၄၇,၁၀၀ (ဧကပေါင်း ၁၁၆,၃၈၇) ရှိခဲ့တယ်လို့ဆိုပါတယ်။ ၂၀၂၂ ခုနှစ်ကတော့ ၄၀,၁၀၀ ဟက်တာ (ဧကပေါင်း ၉၉၀၈၉) သာရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဘိန်းစိုက်ခင်းတွေဟာ ရှမ်းပြည်နယ်မှာ ဟက်တာ ၄၁,၃၀၀ ရှိပြီး ကချင်ပြည်နယ်မှာ ဟက်တာ ၄,၆၀၀၊ ချင်းပြည်နယ်မှာ ဟက်တာ ၇၀၀ နဲ့ ကရင်နီပြည်နယ် မှာ ဟက်တာ ၄၈၀ ရှိတယ်လို့ စစ်တမ်းကဆိုပါတယ်။
မြန်မာနိုင်ငံဟာ ၁၉၉၀ ခုနှစ်မှာ ဘိန်းစိုက်ခင်း ဟက်တာပေါင်း ၅၈,၀၀၀ နီးပါးစိုက်ပျိုးခဲ့ဖူးပါတယ်။ ဒါဟာ သမိုင်းမှာ စံချိန်တင်စိုက်ပျိုးခဲ့တဲ့ ကိန်းဂဏန်းတစ်ရပ် လည်းဖြစ်ပါတယ်။
ဘိန်းစိုက်ခင်းတွေ တိုးလာတာအပြင် မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဘိန်းတင်ပို့မှုအများဆုံးနိုင်ငံလည်း ဖြစ်လာပါတယ်။
မြန်မာနိုင်ငံက ဘိန်းစိုက်ခင်းတွေရဲ့ အထွက်နှုန်းဟာလည်း ပိုတိုးလာတယ်ဆိုပါတယ်။ ၂၀၂၂ ခုနှစ်က တစ်ဟက်တာကိုပျမ်းမျှ ဘိန်း ၁၉ ဒသမ ၈ ကီလိုဂရမ် သာထွက်ပေမယ့် ၂၀၂၃ မှာတော့ တစ်ဟက်ဟာကို ၂၂ ဒသမ ၉ ကီလိုဂရမ်အထိ အထွက်နှုန်းမြင့်တက်လာတယ်လို့ စစ်တမ်း အရသိရပါတယ်။
မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှုဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းသုံးနှစ်ဆက်တိုက်မြင့်တက်လာတဲ့အပြင် ဘိန်းစိမ်း တစ်ကီလိုဂရမ်ကို အမေရိကုန်ဒေါ်လာ ၃၅၅ ဒေါ်လာရှိတယ်လို့သိရပါတယ်။
အခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ဘိန်းထုတ်လုပ်မှုဟာ ၃၆ ရာခိုင်နှုန်းတိုးလာပြီး ဘိန်းစိမ်း တန်ပေါင်း ၁၀၈၀ ထုတ်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ အာဖဂန်နစ္စတန်နိုင်ငံ ထုတ်လုပ်တဲ့ ဘိန်းပမာဏ တန် ၃၃၀ ထက် အများကြီး ပိုများတာ ဖြစ်ပါတယ်။
ဘိန်းဖြူထုတ်လုပ်မှုနဲ့ မှောင်ခိုကုန်ကူးမှုဟာ ဘိန်းစီးပွားရေးလုပ်ငန်းမှာ အမြတ်အစွန်းအရဆုံး ဖြစ်ပါတယ်။ အခုနှစ်အတွင်း မြန်မာနိုင်ငံကနေ ဒေါ်လာ ၂ ဒဿမ ၂ ဘီလျံ တန်ဖိုးရှိတဲ့ ဘိန်းဖြူ ၁၅၄ တန် ထုတ်လုပ်ခဲ့တယ်လို့ အစီရင်ခံစာမှာ ခန့်မှန်းဖော်ပြထားပါတယ်။
ကုလသမဂ္ဂက ကော်ဖီကဲ့သို့သော ဘိန်းအစားထိုးသီးနှံတွေ စိုက်ပျိုးထုတ်လုပ်ပြီး ဒေသလူမှုဘဝ ဖွံဖြိုးတိုးတက်ရေးအတွက် အကြံပြုထားပေမယ့်လည်း မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ ပဋိပက္ခတွေအပြင် စိုက်ပျိုးရေးနည်းပညာ နဲ့ အကန့်အသတ်ဖြစ်နေတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်တွေ ကိုကျော်လွှားနိုင်ဖို့ လိုအပ်နေပါသေးတယ်။
ရှမ်းပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးတဲ့ အဓိကနေရာဖြစ်နေပြီး တစ်နိုင်ငံလုံးအတိုင်းအတာ စိုက်ပျိုးမှု စုစုပေါင်းရဲ့ ၈၈ ရာခိုင်နှုန်းအထိ ရှိလာတာဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ တစ်နှစ်ထက်တစ်နှစ် ၂၀ ရာခိုင်နှုန်း ပိုပြီး တိုးလာနေတယ်လို့လည်း UNODC ရဲ့ အစီရင်ခံစာကဆိုပါတယ်။
ဒါ့အပြင် အိန္ဒိယနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ စစ်ကိုင်းတိုင်းမြောက်ပိုင်းက ဘိန်းစိုက်ပျိုးတဲ့ အခြေအနေလည်း တိုးလာတယ်လို့ ဖေါ်ပြ ထားပါတယ်။ စစ်ကိုင်းတိုင်း မြောက်ပိုင်းမှာ ဘိန်းစိုက်ပျိုးတဲ့ ပမာဏက ရှမ်းပြည်နယ်လောက် မများပေမယ့် ၈ နှစ်တာ ကာလအတွင်းမှာ စိုက်ပျိုးမှု ၅ ဆတိုးလာတယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။
ရွှေတြိဂံဒေသဟာလည်း တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ ရောင်းဝယ်ဖောက်ကားမှုရဲ့ အဓိကနေရာအဖြစ်ရှိနေပါသေးတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ စီးပွားရေး မတည်ငြိမ်မှုတွေ၊ အိမ်ထောင်စုဝင်ငွေ နည်းပါးတာနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်တဲ့ဒဏ်တွေက လယ်သမားတချို့ကို တရားမဝင် ဘိန်းစိုက်ပျိုးမှုတွေ လုပ်ဆောင်ဖို့ တွန်းအားပေးနေတယ်လို့ ပြောပါတယ်။
စိုက်ပျိုးတောင်သူတွေ အခုလို အသက်ရှင် ရပ်တည်ဖို့အတွက် ခက်ခဲနေရတဲ့ အကြောင်းအရင်းတွေထဲမှာ လက်ရှိကြုံနေရတဲ့ နိုင်ငံရေးအခြေနေတွေကြောင့်လည်းဖြစ်တယ်လို့ ကုလသမဂ္ဂက သုံးသပ်ထားပါတယ်။
တောင်သူတွေကို မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေ နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက ဘိန်းစိုက်ပျိုးဖို့ သွင်းအားစုတွေ အဓိကထောက်ပံ့ပေးနေတာဖြစ်ပြီး မဖြစ်မနေစိုက်ပျိုးဖို့ အတွက် တွန်းအားပေးနေတယ်လို့လည်း ကုလ ကဆိုပါတယ်။
ကိုဗစ်- ၁၉ ကပ်ရောဂါရဲ့ ရိုက်ခတ်မှုကြောင့်ဖြစ်ပေါ်လာတဲ့ အလုပ်လက်မဲ့ပြဿနာ ဟာလည်း ဘိန်းစိုက်ပျိုး မှုကိုဦးတည်စေပါတယ်။
တာလီဘန် အစိုးရဟာ အာဖဂန်နစ္စတန်မှာ ဘိန်းစိုက်ပျိုးမှုကို လုံးဝရပ်တန့်ထားမယ်လို့ အာမ မခံနိုင်ပေမယ့် မြန်မာနိုင်ငံကတော့ စစ်အာဏာရှင်လက်အောက်မှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဟာ အာဖဂန်နစ္စတန်ကို ကျော်တက်ခဲ့ပြီဖြစ်ပါတယ်။
ဒီအခြေအနေတွေက အရှေ့တောင်အာရှဒေသကို သက်ရောက်မှုရှိလာမှာဖြစ်ပါတယ်။ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုမြင့်မားလာတာကြောင့် မဲခေါင်ဒေသတွင်း ငွေကြေးခဝါချမှု နဲ့ မူးယစ်ဆေး တရားမဝင်ရောင်းဝယ်ဖောက်ကားမှု စျေးကွက်ဟာ ပိုမိုကြီးထွားလာဖွယ်ရှိပါတယ်။
မြန်မာနိုင်ငံဟာလည်း ဘိန်းဖြူ နဲ့ မက်သာဖက်တမင်း မူးယစ်ဆေးဝါးတွေ စျေးသက်သက်သာသာ ထုတ်လုပ်ဖို့ အလိုရှိနေတဲ့ နယ်စပ်ဖြတ်ကျော်ရာဇဝတ်ဂိုဏ်းတွေ နဲ့ လက်နက်ကိုင်အဖွဲ့ အစည်းတွေရဲ့ မျက်စိကျစရာနေရာ တစ်ခုဖြစ်လာနေပါတယ်။ အဲ့ဒီအတွက် အကျိုးရှိမယ့်သူတွေကတော့ ရာဇဝတ်ဂိုဏ်းတွေ နဲ့ လက်နက်ကိုင်တပ်ဖွဲ့ တွေပဲဖြစ်ပါတယ်။
လက်ရှိမှာ အရှေ့တောင်အာရှဟာ ကမ္ဘာတစ်ဝှမ်းမူးယစ်ဆေးဝါးသုံးစွဲမှုနှုန်းအမြင့်ဆုံး ဒေသတွေထဲကတစ်ခုဖြစ်နေပါတယ်။ ဒါကြောင့် ဒေသတွင်း ကျန်းမာရေး နဲ့ ကူးစက်ရောဂါ ပြဿနာတွေ ပိုမိုများပြားလာမယ့်အရေးကိုလည်း စိုးရိမ်စရာရှိပါတယ်။
အာဖဂန် အစိုးရဟာ ဘိန်းစိုက်တောင်သူတွေကို တင်းကျပ်တဲ့ ရှရီယာ ဥပဒေတွေ နဲ့ အရေးယူနေပါတယ်။ မြန်မာနိုင်ငံကတော့ အဲ့ဒါနဲ့ဆန့်ကျင်ဘက် လက်နက်ကိုင်တပ်ဖွဲ့တွေက တောင်သူတွေကို အတင်းအကျပ် ဘိန်းစိုက်ပျိုးဖို့ ဖိအားပေးနေပါတယ်။
( Griffith တက္ကသိုလ်ရဲ့ မှုခင်းဗေဒ နှင့် ရာဇဝတ်ဆိုင်ရာ တရားမျှတမှု လေ့လာရေး ဌာန မှ ကတိက Hai Thanh Luong က East Asia forum မှာရေးသားခဲ့တဲ့ How Myanmar became the opium capital of the world ကို ဆီလျော်အောင်ဘာသာပြန်ထားပါတယ်)
The Tanintharyi Times
