ဘုတ်ပြင်းမှာ KNUနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဟန်ဆောင်ကာ ငွေလွှဲဆိုင်တွေနဲ့ လုပ်ငန်းရှင်တွေကို ဖုန်းဆက် ငွေညှစ်တာတွေရှိနေ
ဘုတ်ပြင်းမှာ KNUနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဟန်ဆောင်ကာ ငွေလွှဲဆိုင်တွေနဲ့ လုပ်ငန်းရှင်တွေကို ဖုန်းဆက် ငွေညှစ်တာတွေရှိနေ

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်က စီးပွါးရေးလုပ်ငန်းရှင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဟန်ဆောင်ကာ ဖုန်းဆက်ငွေညှစ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။
ဖုန်းနဲ့ ငွေညှစ်တဲ့ဖြစ်စဉ်တွေက အခုလထဲမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာတာဖြစ်ပြီး ပထမဆုံးအနေနဲ့ Wave Money ငွေလွှဲဆိုင်တွေ ငွေညှစ်ခံခဲ့ရကာ တဖြည်းဖြည်းနဲ့ ငါးပုဇွန်အဝယ်ဒိုင်နဲ့ လှေပိုင်ရှင်တွေလည်း ပါဝင်လာတယ်လို့ သိရပါတယ်။
ငွေလွှဲဆိုင်တွေကို ဗမာသံလေယူလေသိမ်းရှိတဲ့အမျိုးသားတစ်ဦးက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဟန်ဆောင်ကာ ဖုန်းဆက်ပြီး ငွေကျပ်ငါးသိန်းပမာဏ တောင်းခံခဲ့တယ်လို့ ဆိုပါတယ်။
လုပ်ငန်းရှင်တွေကို ဖုန်းဆက်ငွေညှစ်သူကတော့ KNU လက်နက်ကိုင်တပ်ဖွဲ့ဝင် စောဂလယ်ထူးဝါးဆိုတဲ့ နာမည်အသုံးပြုကာ သိန်း ၃၀ ဝန်းကျင်တောင်းခံခဲ့တာလို့ မြို့နယ်အတွင်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။
“ကျနော်တို့ ဘုတ်ပြင်း(ပကဖ)ကိုပုံရိပ်ပျက်အောင်လုပ်တာပေါ့။ ကျနော်တို့အနေနဲ့ကတော့ ဒါမျိုးမလုပ်ခဲ့ဘူး။ ဖုန်းထဲမှာပြောတဲ့နာမည်တွေကလည်း ကျနော်တို့ဆီမှာမရှိဘူး။” လို့ ဘုတ်ပြင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဖုန်းဆက်ငွေတောင်းတဲ့အချိန်မှာ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အဆက်အသွယ်ရှိလားလို့ အရင်မေးတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်မှုရှိရင် ဖမ်းပြီးငွေညှစ်နိုင်ပြီး၊ ပတ်သက်မှုမရှိရင်လည်း ငွေတောင်းနိုင်တာမို့ တချက်ခုတ်၊ နှစ်ချက်ပြတ်လုပ်တာဖြစ်နိုင်တယ်လို့ တာဝန်ခံက ရှင်းပြပါတယ်။
တနင်္သာရီတိုင်းမ်က ရရှိထားတဲ့ အသံဖိုင်အရ ကရင်အသံနဲ့ပြောနေတဲ့ အမျိုးသားတစ်ဦးဟာ ဘုတ်ပြင်းဒေသခံတစ်ဦးရဲ့ နေရပ်လိပ်စာအရင်မေးသလို တော်လှန်ရေးအင်အားစုတွေနဲ့ အချိတ်အဆက်ရှိ၊ မရှိ ထပ်မံစစ်မေးကာ တောင်းတဲ့ငွေပမာဏအတိုင်းမပေးရင် အိမ်ကို အဖွဲ့တွေလွှတ်လိုက်မယ်လို့ ပြောဆိုထားတာကို တွေ့ရပါတယ်။
အခုလိုဖုန်းနဲ့ ငွေတောင်းခံရတာဟာ ဘုတ်ပြင်းမြို့နယ်မှာ ငွေလွှဲဆိုင်လေးဆိုင်ထက်မနည်းရှိခဲ့သလို လုပ်ငန်းရှင် ၁၀ ဦးထက်မနည်း ကြုံခဲ့ရပါတယ်။ အများစုကတော့ ခြိမ်းခြောက်ခံရတာကြောင့် ငွေလွှဲပေးခဲ့ကြတယ်လို့ သိရပါတယ်။
ဘုတ်ပြင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက “ငွေလွှဲဆိုင်တွေကိုကြတော့ ဖုန်းနံပါတ်က ကြိုက်သလိုစုံစမ်းလို့ရတယ်။ လုပ်ငန်းရှင်တွေကြတော့ သူဖုန်းနံပါတ်ကိုတော်ရုံတန်ရုံသိရဖို့ဆိုတာမလွယ်လေနော်။ စုံစမ်းကြည့်ရသလောက်ဆို စီးပွားရေးတွင်တွင်ကျယ်ကျယ်လုပ်နေတဲ့ လုပ်ငန်းရှင်တွေဖြစ်နေတယ်။”လို့ ပြောပါတယ်။
လုပ်ငန်းရှင်တွေရဲ့ဖုန်းနံပါတ်တွေဟာ မြို့နယ်ကဌာနဆိုင်ရာတွေမှာရှိနိုင်ပြီး တော်လှန်ရေးအင်အားစုတွေဘက်က သူတို့ရဲ့ဖုန်းနံပါတ်ကို ရဖို့ဆိုတာ မလွယ်ဘူးလို့ အဆိုပါတာဝန်ရှိသူက သုံးသပ်ပါတယ်။
ဘုတ်ပြင်းမြို့နယ်က ပြည်သူတွေအနေနဲ့ မတရားမှုတွေ ခံနေရတာရှိရင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖေ့စ်ဘုတ်ပေ့မက်ဆင်ဂျာကနေ လုံခြုံစိတ်ကျစွာတိုင်ကြားလို့ ရတယ်လို့ ဘုတ်ပြင်း(ပအဖ)တာဝန်ရှိသူက ပြောပါတယ်။
ဒီလို ငွေလိမ်တောင်းခံနေရတဲ့ နေရာတွေက လေညာရွာ၊ တောင်ငယ်ရွာ၊ ပြည်ကြီးမဏ္ဍိုင်ရွာ၊ ရွှေဂဲညိုရွာ၊ ကြိမ်နီတောင်ရွာ၊ ကြိမ်မည်းတောင်ရွာ၊ ချောင်းကဖီးရွာတွေက ငွေလွှဲဆိုင်တွေနဲ့ လုပ်ငန်းရှင်တွေ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီထဲက ချောင်းကဖီးရွာနဲ့ ရွှေဂဲညိုရွာတွေက စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေအားကောင်းတဲ့ ရွာတွေဖြစ်ပါတယ်။
ပြီးခဲ့တဲ့လကစပြီး ဘုတ်ပြင်းမြို့နယ်အတွင်းမှာ ဒေသခံတွေ ဆက်တိုက်ဖမ်းဆီးခံနေရသလိုအခုလအတွင်းမှာလည်း ဘုတ်ပြင်းဒေသခံ ၅ ဦးထက်မနည်း ကျောက်ထနောင်း ရေတပ်မှာ ဖမ်းဆီးခံထားရပါတယ်။
The Tanintharyi Times