သေနတ်တွေနဲ့ ဝေးရာဆီသို့သာ…

သေနတ်တွေနဲ့ ဝေးရာဆီသို့သာ…

သင်္ကြန်ကာလကတော့ ပြီးဆုံးသွားခဲ့ပြီ။

“ငိုနေရှာတယ် ပန်းပိတောက်ဖူးတွေလည်း…” ဆိုတဲ့ တေးသွားကသာ စိတ်နှလုံးမှာ အခါခါရိုက်ခတ်ခံနေရတာ သင်္ကြန်ပေါင်း ဘယ်လောက်တောင် ရှိခဲ့ပြီလဲ။ ပျော်ရွှင်ချမ်းမြေ့စရာ အစဉ်အလာတစ်ခုဟာ ဘေးဆိုးကြီးတွေအောက်မှာ ညှိုးခြုံးမှေးမှိန်နေရရှာတယ်။

ဒီနှစ်ကတော့ အဆိုးတကာ့အဆိုးဆုံး ကြုံလိုက်ရတဲ့ အဖြစ်အပျက်တွေ။ စစ်ပွဲပဋိပက္ခ ပြင်းထန်နေတဲ့ ကြားထဲကပဲ ပြည်သူတွေဟာ ငလျင်ဘေးကြီးကိုလည်း အလူးအလိမ့် ခံလိုက်ရပြန်ပြီ။ ပန်းပိတောက်တွေဟာ သွေးမျက်ရည် အလူးလူးနဲ့ ပွင့်အာရရှာတဲ့ ဘဝကို ရောက်ခဲ့ရတဲ့ သင်္ကြန်နေ့ရက်တွေပါပဲလား။

ကိုယ်နေထိုင်ရာအရပ်ဟာ မြို့ပြနဲ့လှမ်းတဲ့ နယ်စွန်နယ်ဖျားဆိုတော့ သင်္ကြန်ဟာ ထူးခြားလှတယ် မထင်ပါဘူး။ ပုံမှန်အတိုင်း ဘုရားသွားကျောင်းတက် ဥပုသ်ယူကြသူတွေက ခပ်များများပါ။ ညမထွက်ရ အမိန့်ကြောင့်ထင်ပါရဲ့။ နှစ်တိုင်း က နေကျ ရပ်ကွက်ယိမ်းအဖွဲ့တွေလည်း အသံတိတ်လို့။

မပြောင်းလဲတာ တစ်ခုတော့ ရှိပါတယ်။ သင်္ကြန်နားနီးပြီ ဆိုတာနဲ့ သင်္ကြန်ရေပက်သေနတ်တွေ ရပ်ကွက်ထိပ် ကုန်စုံဆိုင်မှာ အစီအရီ ရောက်လာတာပါပဲ။ ရပ်ကွက်ထဲက ကလေးတွေလည်း ဝယ်ပေးဖို့ မိဘတွေကို အပြိုင်အဆိုင် ပူဆာကြ။ ပြေးဝယ်ကြနဲ့။ သင်္ကြန်ရက်တွေမှာ သူ့သေနတ် ကိုယ့်သေနတ် အကြီးအသေး အရောင်အဆင်း ဘယ်လိုဘယ်ပုံနဲ့ သေနတ်တကားကား ပြေးလွှားရေပက်နေကြပြီ။

လူကြီးတွေ သေနတ်အစစ်ကို ကြောက်နေရချိန် သေနတ်အတုတွေနဲ့ သူတို့ခမျာ ပျော်လို့ရွှင်လို့။ လမ်းတစ်လျှောက် ဟိုပြေးဒီလွှား သင်္ကြန်ရေပက် သေနတ်နဲ့ စစ်တိုက်တမ်း ဆော့ကစားနေကြတာ၊ အပြန်အလှန် ပစ်နေလိုက်ကြတာ။ သေနတ်ထိပ်က ထွက်လာတဲ့ အရာဟာ ကျည်ဆံမဟုတ်ဘဲ ရေစက်တွေ ဖြစ်နေလို့သာပဲ။

တရွှန်းရွှန်း ပန်းထွက်လာတဲ့ ရေစက်လေးတွေကို ကြည့်ရင်း အတွေးတို့က ဟိုလူးဒီလွင့်နဲ့။ အမှန်အတိုင်း ပြောရရင် သေနတ်တွေကို မြင်ရတာ စိတ်ပျက်လှပြီ။ ကလေးတစ်ယောက်ယောက်က ကစားစရာသေနတ်နဲ့ ကစားနေတာ တွေ့ရတာကိုပဲ မနှစ်မြို့တဲ့ စိတ်အခံဟာ ရိုးတိုးရိပ်တိတ် ပေါ်လာတတ်စမြဲ။

ငယ်ငယ်တုန်းက သေနတ်တကားကားနဲ့ ပုရွတ်ဆိတ်တန်းလို သွားနေတဲ့ ဗမာ့တပ်မတော် ဆိုသူတွေကို အနီးကပ် တွေ့မြင်ခဲ့ဖူးသလို တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့ဘက်ကလည်း သေနတ်တွေလွယ်ပြီး အိမ်အနီးအနားမှာ တစ်ပတ်ဆယ်ရက် ခိုလှုံတာမျိုးကို ခဏခဏ ကြုံခဲ့ရတော့ မှတ်ဉာဏ်ထဲမှာ သေနတ်နဲ့ဆိုင်တဲ့ အဖြစ်အပျက်တွေက အခုချိန်ထိ ထင်ထင်ရှားရှား နေရာယူထားဆဲ။

ကိုယ့်ရှေ့မှာ ဒိုင်းကနဲ ပစ်လိုက်တာမျိုးကို မတွေ့ဖူးပေမယ့် ငယ်ဘဝတစ်လျှောက်လုံးမှာ သေနတ်အစစ်တွေကို နီးနီးကပ်ကပ် မြင်ခဲ့ရ၊ အိမ်အောက်က ဗုံးခိုကျင်းထဲ လူကြီးတွေနဲ့အတူ ဝင်ပုန်းရင်း သေနတ်သံ တဒိုင်းဒိုင်းကြားမှာ ကြောက်လန့်ခဲ့ရတဲ့ အဖြစ်တွေက ဘယ်တော့မှ မေ့ပျောက်မရတဲ့ စိတ်ဒဏ်ရာတွေပါပဲ။

အခုလည်း ကိုယ်နေထိုင်ရာနဲ့ မနီးမဝေးမှာ တိုက်ပွဲဖြစ်ပွားနေတယ်ဆိုတဲ့ သတင်းတွေ၊ အကြမ်းဖက်တပ်ဘက်က လက်နက်ကြီးပစ်သံ တအုန်းအုန်းတွေ၊ စစ်ဘေးပြေးလွှားနေရတဲ့ သူတွေဟာ ကိုယ့်နေရာနဲ့ သိပ်မလှမ်းတဲ့ မြို့ရွာမှာ ဖြစ်နေတဲ့အခါ လုံခြုံမှုကင်းမဲ့တဲ့ စိတ်ခံစားချက်က နေ့စဉ်နဲ့အမျှ လှိုက်စားနေတော့တယ်။ ကိုယ့်အသက်ကို ချွေမယ့် ကျည်ဆံတစ်ထောင့်ဟာ ကိုယ့်ဆီကို ရောက်လာဖို့ သိပ်မကြာလောက်တော့ဘူး ထင်ပါရဲ့။

ဖက်ဆစ်စစ်တပ်ရဲ့ ရမ်းကားယုတ်မာမှုတွေကို တစ်နိုင်ငံလုံးအနှံ့ ခါးစည်းခံနေကြရချိန် သင်္ကြန်ရေပက်သေနတ်ကို ငေးရင်း စိတ်မသက်မသာ ဖြစ်မိတာ အမှန်ပါ။ ပျံ့လွင့်ဝဲပျံနေတဲ့ အတွေးထဲမှာ မေးခွန်းတွေက သိစိတ်အပိုင်းအစတချို့ကို ဖြတ်သန်းပြီး အုံကြွထွက်လာခဲ့တယ်။

သေနတ်တွေဟာ လူတွေရဲ့ ဘဝထဲကို ဘယ်လောက်အထိ နေရာယူ လွှမ်းမိုးနေပြီလဲ။ ကလေးတွေအတွက် ကစားစရာဟာ သေနတ်ဖြစ်မှတဲ့လား။ လူသတ်လက်နက် ပုံသဏ္ဌာန်ကိုယူပြီး ဘာလို့များ ကလေးကစားစရာ ပစ္စည်းကို တီထွင်ကြတာပါလိမ့်။

ငယ်ငယ်တုန်းက ပွဲဈေးတန်းမှာ တွဲရရွဲ ချိတ်ဆွဲထားတဲ့ အရုပ်သေနတ်တွေ၊ ဓါတ်ခဲတွေ ခလုတ်တွေနဲ့ မီးရောင်စုံထွက် ကလေးကစားစရာ သေနတ်တွေ၊ ကျိုက်ထီးရိုးသေနတ်လို့ ခေါ်တဲ့ ဝါးသေနတ်တွေ၊ အရောင်စုံ ဆိုဒ်စုံ ကြီးကြီးသေးသေး သင်္ကြန်ရေပက် သေနတ်တွေ စတဲ့ ပုံသဏ္ဍာန်မျိုးစုံနဲ့ ကစားစရာသေနတ်တွေဟာ နေရာတိုင်း အရပ်တိုင်း အိမ်တိုင်းလိုလိုမှာ တွေ့နေရတယ်။

လေ့လာမှုတစ်ခုအရ ယောကျ်ားလေး ကလေးငယ် ၈၀ ရာခိုင်နှုန်းလောက်ဟာ အိမ်မှာ ကြမ်းတမ်းတဲ့ ကစားနည်းတွေနဲ့ (အရုပ်သေနတ်သုံးပြီး စစ်တိုက်တမ်း ကစားတာမျိုး) ကစားကြတယ်လို့ ဆိုပါတယ်။ အရုပ်သေနတ်တွေဟာ ကလေးတွေအပေါ် မကောင်းတဲ့ သက်ရောက်မှု ရှိရှိ၊ မရှိရှိ ကလေးတွေရဲ့ စိတ်ထဲမှာ သေနတ်နဲ့ စစ်ပွဲတို့ရဲ့ လွှမ်းမိုးတာကိုခံနေရတာတော့ အမှန်ပါပဲ။

ကလေးတွေနဲ့ အရုပ်သေနတ်အကြောင်း အတွေးနယ်ချဲ့မိတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဖတ်ခဲ့ဖူးတဲ့ သတင်းတစ်ပုဒ်ကို ပြန်သတိရသွားမိတယ်။ ပါကစ္စတန်နိုင်ငံမှာ ကလေးကစားစရာ သေနတ် အရောင်းသွက်နေတာနဲ့ ပတ်သက်ပြီး နဂိုက တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ နိုင်ငံမှာ မသင့်တော်တဲ့ လွှမ်းမိုးမှုတွေ ရှိလာမှာကို စိတ်ပညာရှင်တွေနဲ့ လူမှုရေး လုပ်ငန်းမှာ လုပ်ကိုင်နေသူတွေက စိုးရိမ်နေကြတယ် ဆိုတဲ့ အကြောင်းပါ။

သင်္ကြန်ရေပက်ဖို့ ရေပြွတ်ကို သေနတ်ပုံစံနဲ့ ထုတ်လုပ်မှ ဖြစ်မှာတဲ့လား။ သေနတ်ထက် အရေးပါတဲ့ လူ့အသုံးအဆောင် ပစ္စည်းပုံသဏ္ဍာန်တွေမှ အများကြီးပါ။ လူတွေနေ့စဉ်စားသုံးနေရတဲ့ အသီးအနှံပုံတို့၊ ကမ္ဘာကြီးကို လှပနေစေတဲ့ ပန်းပွင့်ပုံတို့၊ တခြား အသုံးအဆောင်ပစ္စည်း တစ်ခုခုပုံတို့ ဆိုရင်ရော။ ပိုပြီး မလှပ ပေဘူးလား။

ဒီလိုတွေးတာက နည်းနည်းရူးနှမ်းနှမ်း နိုင်နေမလား မသိပေမယ့် နုနယ်တဲ့ အရွယ်ကတည်းက လူသတ်လက်နက်ဟာ သူတို့ရဲ့ ဦးနှောက်နဲ့ နှလုံးသားထဲ စိမ့်ဝင်ပျံ့နှံ့နေတာမျိုးကို မလိုလားတာတော့ အမှန်ပါပဲ။

“မောင့်နှမ မြနန္ဒာ” ကတော့ “လောကမှာ လူ နည်းနည်းကလေးနဲ့ ပန်းတွေ အများကြီးရှိရင် သိပ်ကောင်းမှာပဲ” တဲ့။ ကိုယ်လည်း ပြောလိုက်ချင်ပါရဲ့။ လောကမှာ သေနတ်တွေမရှိဘဲ ပန်းပွင့်တွေသာ ရှိနေရင် သိပ်ကောင်းမှာပါပဲ။

လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော်ကတည်းက တရုတ်လူမျိုးတွေ စတင်တီထွင်ထားတဲ့ အဲဒီသေနတ်ဆိုတဲ့ အရာဟာ အခုတော့ တီထွင်မှုအမျိုးမျိုး၊ ပုံသဏ္ဍာန်အမျိုးမျိုး၊ ပေါက်ကွဲစေတတ်တဲ့ ပြင်းအားအဖုံဖုံနဲ့ ကမ္ဘာ့ဈေးကွက်မှာ တွင်တွင်ကျယ်ကျယ်‌ နေရာယူထားလေရဲ့။

ကော်စတာရီကာ နိုင်ငံ သမ္မတ၊ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် “အော်စကာအာရီးရပ်စ် ဆန်ချက်ဇ်” ကတော့ “ဒီကမ္ဘာပေါ်မှာ နေထိုင်သူ ဆယ်ဦးတိုင်းအတွက် ကျွန်တော်တို့ဟာ သေနတ်တစ်လက်ကို ထုတ်လုပ်ခဲ့ကြပြီး ဆာလောင်မွတ်သိပ်တာကို အဆုံးသတ်ဖို့ စွမ်းဆောင်နိုင်မှုဟာ ကျွန်တော်တို့ လက်တစ်ကမ်းမှာ ရှိနေပေမယ့် အပင်ပန်းခံ ဆောင်ရွက်တာမျိုးတော့ မရှိသေးပါဘူး” လို့ ဆိုပါတယ်။

Google ခေါက်ကြည့်တော့ တစ်ကမ္ဘာလုံးမှာ နှစ်စဉ် စစ်တပ်အသုံးစရိတ်ဟာ အမေရိကန်ဒေါ်လာ (၁) ထရီလီယံ ကျော် ရှိသတဲ့။ ဒီအသုံးစရိတ်တွေကို လျှော့ချပြီး ပညာရေး၊ ကျန်းမာရေး၊ တခြားဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ သုံးမယ်ဆိုရင် ဒီထက်ပိုငြိမ်းချမ်းတဲ့ ကမ္ဘာကြီး ဖြစ်လာမှာပဲ။

နိုင်ငံတစ်နိုင်ငံမှာ ကာကွယ်ရေးကဏ္ဍဟာ အရေးကြီးဆုံးလို့ ဆိုချင်သူတွေက ဆိုကြတယ်။ ဒါပေမယ့် လူရမ်းကား လောဘသားလက်ထဲကို အာဏာရောက်သွားတဲ့အခါ သူပိုင်ဆိုင်တဲ့ လူသတ်လက်နက်တွေဟာ တိုင်းသူပြည်သားတွေရဲ့ အသက်ကို တစ်စစီဖဲ့ချွေဖို့အတွက်ဖြစ်နေတယ်ဆိုတာ မျက်ဝါးထင်ထင်ကြုံနေကြရတယ်မဟုတ်လား။

ဒီလို တိုင်းဖျက်ပြည်ဖျက် ဆိုးရွားတဲ့ အာဏာရှင်တွေကြောင့်လည်း တရားမျှတမှုကို လိုလားကြသူတွေဟာ မလွဲသာဘဲ လက်နက်ကိုင် လမ်းစဉ်ကို လျှောက်နေကြရပြန်တယ်။ နောင်မျိုးဆက်မှာ သေနတ်ဆိုတဲ့အရာကို ဘယ်တော့မှ ထိတွေ့ကိုင်တွယ်စရာ မလိုအောင် ဓမ္မတော်လှန်ရေးဟာ ဒီမျိုးဆက်မှာပဲ အောင်မြင်သွားပါစေ။

လူသားတွေ အသက်ရှင်ဖို့အတွက် အစားတစ်လုတ် ငတ်မွတ်နေပြီး လူတိုင်းလက်ထဲ သေနတ်ရောက်နေရတဲ့ အဖြစ်မျိုးကို ကြုံရတာ ဒီမျိုးဆက် နောက်ဆုံးဖြစ်ပါစေ။ နောင်မျိုးဆက်တွေအတွက် ချစ်ခြင်းမေတ္တာနဲ့ ဉာဏ်ပညာ ပန်းပွင့်တွေ ဖူးပွင့်ဝေဆာနေတဲ့ ကမ္ဘာသည်သာ တည်တံ့ကျန်ရစ်နေပါစေ။ ။

ငြိမ်းပန်

The Tanintharyi Times