ကျောင်းနိမ့်ရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်၊ အမျိုးသမီးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရ

ကျောင်းနိမ့်ရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်၊ အမျိုးသမီးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရ

ပုလောမြို့နယ်၊ ကျောင်းနိမ့်ကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့လို့ အမျိုးသမီးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

ဒီကနေ့ နေ့လည်တစ်နာရီလောက်က ဒရုန်းနဲ့လာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လူနေအိမ်နဲ့ အလှမ်းဝေးတဲ့ ကွင်းပြင်တစ်နေရာကို ကျည်ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုကနော လွှင့်စင်လာတဲ့ ကျည်စဟာ အသက် ၂၀ ကျော်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးရဲ့ ခြေသလုံးနဲ့ လက်မောင်းကို ထိမှန်ခဲ့တဲ့အတွက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

” အီနဂါဗုံးသီးတစ်လုံးလာချခဲ့တာ။ ကွင်းပြင်ကိုကျတာဆို‌တော့ အိမ်ထိခိုက်ပျက်စီးတာတော့မရှိဘူး။” လို့ ‌ပုလောဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ကျောင်းနိမ့်ရွာကို ပြီးခဲ့တဲ့ မတ်လ ဒုတိယအပတ်ကလည်း စစ်ကောင်စီတပ်ဘက်က ဒရုန်းနဲ့ကင်းထောက်ပြီး ခလရ (၂၈၅) တပ်ရင်းကနေ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

တော်လှန်ရေးရဲဘော်တစ်ဦးကလည်း ” ၂၈၅ နဲ့ ကျောင်းနိမ့်နဲ့က ဒရုန်းမောင်းလို့ရတဲ့ ဒရုန်းသွားနိုင်တဲ့အနေထားလောက်မှာရှိနေလို့ ဒရုန်းနဲ့တိုက်ခိုက်နေတာ။” လို့ သူ့အမြင်ကို ပြောပါတယ်။

ပုလောမြို့နယ် မင်းထိန်ရွာနဲ့၊ ပဝတ်ကုန်းရွာတွေကို စစ်ကောင်စီတပ်သား ၅၀ ခန့် ဟာ မနေ့ကတည်းက စစ်ကြောင်းထိုးဝင်ရောက်နေပြီး အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေလည်း ရှိနေပါတယ်။

ပုလောမြို့နယ်ထဲက တစ်ဖက်ရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေပြီး ကျောင်းနိမ့်ရွာကို အခုလို ဒရုန်းနဲ့တိုက်ခိုက်တာက စစ်ကောင်စီတပ်ရဲ့ ဗျူဟာဖြစ်နိုင်တယ်လို့လည်း အချို့က သုံးသပ်နေကြပါတယ်။

အခုလ ၂၄ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်စ ထိမှန်ပြီး ဂျင့်ဂါရွာက အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

The Tanintharyi Times