စစ်ကောင်စီရဲ့ ကျောထောက်နောက်ခံ လုပ်ငန်းတွေကို အမေရိကန် ပိတ်ဆို့အရေးယူတဲ့ပေါ် Justice For Myanmar ကြိုဆို

စစ်ကောင်စီရဲ့ ကျောထောက်နောက်ခံ လုပ်ငန်းတွေကို အမေရိကန် ပိတ်ဆို့အရေးယူတဲ့ပေါ် Justice For Myanmar ကြိုဆို

စစ်ကောင်စီရဲ့ ကျောထောက်နောက်ခံ စီးပွားရေး လုပ်ငန်းစုတွေဖြစ်တဲ့ Star Sapphire Group, Star Sapphire Trading Company Limited, Star Sapphire Pte.Ltd. ကုမ္ပဏီတွေနဲ့ ပိုင်ရှင်တွေဖြစ်ကြတဲ့ ထွန်းမင်းလတ်၊ ဇနီး ဝင်းမင်းစိုးတို့အပေါ် အမေရိကန် ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့မှု Justice For Myanmar နဲ့ The Sentry တို့က ကြိုဆိုတယ်လို့ JFM က ထုတ်ပြန်ပါတယ်။

ကြိုဆိုတဲ့အပြင် ဥရောပသမဂ္ဂ၊ ယူကေ၊ ကနေဒါနဲ့ ဩစတြေးလျနိုင်ငံတွေ အပါအဝင် သဘောထားတူညီတဲ့ တရားစီရင်ပိုင်ခွင့်နယ်မြေတွေအနေနဲ့ Star Sapphire ကုမ္ပဏီအားလုံးနဲ့ ပိုင်ဆိုင်သူ တွေအပေါ် တရားစီရင်ပိုင်ခွင့် နယ်မြေတစ်ခုချင်းက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ကြဖို့ တောင်းဆိုထားပါတယ်။

Star Sapphire Group of Companies က ရောင်းဝယ်ရေး၊ စွမ်းအင်၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း၊ သတ္တုတူးဖော်ရေးစတဲ့ စီးပွားရေးလုပ်ငန်းအစုံမှာ ဖြန့်ကျက်လုပ်ဆောင်တဲ့ မြန်မာ့စီးပွားရေးလုပ်ငန်းစုကြီး တစ်ခုဖြစ်ပြီး မြန်မာစစ်တပ်နဲ့ဆက်စပ်ပတ်သက်တဲ့ များပြားလှတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိုင်ဆိုင်ထားတာပါ။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ထွန်းမင်းလတ်ဟာ “ဒရုန်းတွေနဲ့ လေယာဉ်စက်ပစ္စည်း အစိတ်အပိုင်းတွေအပါအဝင် စစ်လက်နက်တွေနဲ့ ပစ္စည်းတွေတင်ပို့ဖို့အတွက်” သူရဲ့ ကုမ္ပဏီတွေကို အသုံးပြုခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါ့ပြင် အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားတဲ့ တရုတ် စစ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီ NORINCO ရဲ့ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့တယ်လို့ ပါရှိပါတယ်။

Star Sapphire Group of Companies နဲ့ မြန်မာစစ်တပ်အကြား အဖွဲ့အစည်းပိုင်းဆိုင်ရာ ဆက်နွယ်မှုတွေ ထင်ထင်ရှားရှားရှိထားတဲ့အပြင် ထွန်းမင်းလတ်၊ ဇနီးဖြစ်သူ ဝင်းမင်းစိုးတို့နဲ့ စစ်အုပ်စု ခေါင်းဆောင်၊ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ရဲ့ မိသားစုတို့ကြား ဆက်နွယ်မှုတွေလည်း ထင်ထင်ရှားရှား ရှိနေတယ်လို့ ဖော်ပြပါတယ်။

Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “….သူတို့က မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ငွေကြေးပံ့ပိုးမှုနဲ့ စစ်လက်နက်ဝယ်ယူမှုတွေမှာ ပွဲစားအဖြစ် ဆောင်ရွက်ပေးမှုတွေကနေ အားပေးကူညီခဲ့တာ ဖြစ်ပါတယ်။ အခုချမှတ်လိုက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ က ပထမဆုံးအကြိမ်အနေနဲ့ စင်ကာပူကုမ္ပဏီတစ်ခုကို ပစ်မှတ်ထားချမှတ်လိုက်တာဖြစ်တဲ့အတွက် ထူးခြားပါတယ်။ ဒီအချက်က စင်ကာပူနိုင်ငံဟာ မြန်မာခရိုနီတွေအတွက် လုံခြုံတဲ့နေရာ ဆက်မဖြစ်နိုင် တော့ဘူးဆိုတဲ့ သတင်းစကား ပါးလိုက်နိုင်တာ ဖြစ်ပါတယ်။ ထွန်းမင်းလတ်က စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်၊ သူရဲ့ မိသားစုနဲ့ ပုဂ္ဂိုလ်ရေးဆက်ဆံမှု နက်နက်ရှိုင်းရှိုင်း ရှိထားပါတယ်။ သူတို့ကို စစ်တပ်ရဲ့ တရားမဝင်စစ်အာဏာသိမ်းကြိုးပမ်းမှုကနေ အကျိုးအမြတ်တွေရရှိအောင် ကူညီပေးပြီး ပိုင်ဆိုင်မှုတွေကို နိုင်ငံခြားမှာ ခြေရာဖျောက်နိုင်ဖို့ ကူညီပေးပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ သူရဲ့ မဟာမိတ်နိုင်ငံတွေ အနေနဲ့ ထက်အောင်၊ ခိုင်ဝင့်မွန်၊ စည်သူမောင်နဲ့ သန့်လွင်မိုးတို့ အပါအဝင် Star Sapphire ကွန်ရက် တစ်ခုလုံးနဲ့ ဒါ့အပြင် တရားမဝင်မြန်မာစစ်အုပ်စုရဲ့ အခြားသော ထောက်တိုင်အားလုံးအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ တိုးချဲ့ချမှတ်ဖို့ တိုက်တွန်းပါတယ်”လို့ ပြောပါတယ်။

ဗြိတိန်နိုင်ငံက Star Sapphire Group of Companies ကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လမှာ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခဲ့ပါတယ်။

Connect Burma

The Tanintharyi Times