လက္ကူးရွာခံ သုံးဦးမူးယစ်ဆေးအမှုနဲ့ အဖမ်းခံထားရ
လက္ကူးရွာခံ သုံးဦးမူးယစ်ဆေးအမှုနဲ့ အဖမ်းခံထားရ

မူးယစ်ဆေးရောင်းဝယ်ဖြန့်ကားနေတဲ့ ပုလောမြို့နယ်၊ လက္ကူးရွာက ဒေသခံသုံးဦးကို ပုလောကွန်မန်ဒိုတပ်ဖွဲ့နဲ့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက ပူးပေါင်းဖမ်းဆီးခဲ့တယ်လို့ တော်လှန်ရေးရဲဘော်ဆီက သိရပါတယ်။
အခုလ ၁၆ ရက်နေ့ညနေက WY ဆေးပြား ၄၀၀ နီးပါး၊ ငွေသားကျပ် ရှစ်သိန်းကျော်၊ မြင်းဆေးရှူတဲ့ပစ္စည်းတွေနဲ့အတူ အသက် ၃၆ နှစ် အရွယ် ကိုသန်းမျိုးအောင် ကို သူ့ရဲ့နေအိမ်မှာပဲ လာရောက်ဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲ့ဒီနေ့မှာပဲ အသက် ၂၈ နှစ်အရွယ် ကိုချစ်စိုး ကိုလည်း သုံးဘီးဆိုင်ကယ်တစ်စီး၊ ဆိုင်ကယ် တစ်စီး၊ WY ဆေးပြားအလုံး ၁၀၀ ကျော်တို့နဲ့အတူ သူ့ရဲ့နေအိမ်မှာပဲ အဖမ်းခံခဲ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အခုလ ၁၉ ရက်နေ့မှာတော့ အဲဒီအမျိုးသားနှစ်ဦးကိုဖမ်းဆီးထားတဲ့ ပုလောကွန်မန်ဒိုတပ်ဖွဲ့ဆီမှာ သုံးဘီးဆိုင်ကယ်လာရောက်ထုတ်ယူတဲ့ ဒေါ်သမန်းဆိတ်ကို ကွန်မန်ဒိုတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒေါ်သမန်းဆိတ်ဟာ ကိုချစ်စိုးရဲ့ အမေဖြစ်ပြီး ကိုသန်းမျိုးအောင်ရဲ့ အဒေါ်ဖြစ်တယ်လို့ သိရပါတယ်။
“ကျနော်တို့ဝင်သွားတာနဲ့ မြင်းကိုင်ထားတဲ့အသက်ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ် ကလေးလေးတစ်ယောက်ယောက်က အိမ်ထဲကို တန်းဝင်ပြေးသွားတာကျနော်မြင်လိုက်တာ။ မြင်တာနဲ့ ရဲဘော်တွေကို ဝိုင်းထားလို့ ကျနော်အော်လိုက်တော့ ရဲဘော်တွေကလည်း ဝိုင်းလိုက်တာနဲ့ မြင်းထုပ်ပစ်ချလိုက်တာနဲ့ ရဲဘော်တွေလက်ထဲမှာကို သွားကျတယ်ဗျ။” လို့ ဖမ်းဆီးတဲ့အချိန်ပါဝင်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တစ်ဦးက အခုလ ၁၆ ရက်နေ့က ဖြစ်စဉ်ကိုပြောပြပါတယ်။
အဲဒီအသက်မပြည့်သေးတဲ့ကလေးကိုတော့ လွှတ်ပေးလိုက်ပြီး ဆေးရောင်းဝယ်ဖြန့်ကားနေတဲ့ အဓိကလူတွေကိုပဲ ဖမ်းဆီးခဲ့တယ်လို့ အဆိုပါရဲဘော်က ပြောပါတယ်။
ဒေါ်သမန်းဆိတ်တို့မိသားစုကို မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ကားတာနဲ့ပတ်သက်ပြီး မလုပ်ဖို့ကို သုံးကြိမ်သတိပေးထားခဲ့ပြီးပြီလို့လည်းဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူဆီက သိရပါတယ်။
လက်ရှိမှာ ဒေါ်သမန်းဆိတ်၊ ကိုချစ်စိုး၊ ကိုသန်းမျိုးအောင်နဲ့ သူတို့နဲ့အတူသိမ်းဆည်းလာတဲ့ပစ္စည်းတွေကို ပုလောကွန်မန်ဒိုတပ်ဖွဲ့နဲ့ ဆက်စပ်အဖွဲ့တွေက စစ်ဆေးအရေးယူတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်းက ပြန်ကြားရေးတာဝန်ရှိသူ ကိုအာနိုးက “လက္ကူးကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုဆက်လုပ်မလဲဆိုတာ အခုထိ ညွှန်ကြားချက် မရသေးပါဘူး” လို့ ပြောပါတယ်။
ပုလော ကွန်မန်ဒိုတပ်ဖွဲ့ဟာ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းရဲ့ တပ်ခွဲတစ်ခုဖြစ်ပါတယ်။
လက္ကူးကျေးရွာမှာ မူးယစ်ဆေးရောင်းဝယ်ဖြန့်ကားသူတွေမကြာခဏ ဖမ်းဆီးခံရလေ့ရှိပါတယ်။
The Tanintharyi Times