“ဝ” နဲ့ ကိုးကန့် ခေါင်းဆောင်တွေ ပန်ဆန်းမှာ တွေ့ဆုံ

“ဝ” နဲ့ ကိုးကန့် ခေါင်းဆောင်တွေ ပန်ဆန်းမှာ တွေ့ဆုံ

ဓာတ်ပုံ - UWSA

“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နဲ့ ကိုးကန့်တပ်မတော် MMDAA တို့ရဲ့ခေါင်းဆောင်တွေဟာ “ဝ”ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ပန်ဆန်းမှာ ပြီးခဲ့တဲ့နှစ်ရက်က တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံချိန်မှာ UWSA ဘက်က အထူးဒေသ (၂) ဒုဥက္ကဌ ဦးကျောက်ကော်အန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ပါဝင်ပြီး ကိုးကန့် တပ်မတော်MNDAA ဘက်က စစ်ဦးစီးချုပ်၊ အထူးဒေသ (၁) ဥက္ကဌ ဦးဖုန်တဲရင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ပါဝင်ကာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

တရုတ်နှစ်သစ်ကူးအကြိုအဖြစ် တွေ့ဆုံကြတာလို့ ပြောဆိုထားပြီး တိုင်းရင်းသားလက်နက်ကိုင် နှစ်ဖွဲ့အကြား ဆက်ဆံရေးကောင်းမွန်နေသလို နှစ်သစ်မှာ တာဝန်အသစ်တွေ တိုးမြှင့်လုပ်ဆောင်သွားမယ့်အကြောင်း UWSA ဘက်က ထုတ်ပြန်ထားပါတယ်။

အခု တွေ့ဆုံမှုဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ခဲ့တဲ့ ဟိုပန်နဲ့ ပန်လုံမြို့ကို “ဝ” ထံလွှဲပြောင်းပေးအပ်ပြီးနောက်မှာ “ဝ” နဲ့ ကိုးကန့်တို့ ပထမဆုံးအကြိမ် တွေ့ဆုံတာ ဖြစ်ပါတယ်။

အခုတော့ ဟိုပန်နဲ့ ပန်လုံမြို့ဟာ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ရဲ့ ထိန်းချုပ်မှုအောက်မှာ တည်ရှိနေပါတယ်။ ဟိုပန်နဲ့ ပန်လုံမြို့တို့ဟာ “ဝ” လူမျိုးပိုင် မြို့တွေ ဖြစ်ပြီး ၃၄ နှစ်အကြာမှ UWSA လက်ထဲ ပထမဆုံး ပြန်လည်ရောက်ရှိလာတာ ဖြစ်သလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဟိုပန်ဟာ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရဲ့ မြို့တော်ဖြစ် တယ်လို့ “ဝ” ဘက်က ထုတ်ပြန်ထားပါတယ်။

“ဝ” တပ်မတော် UWSA ဟာ ဘယ်ဘက်ကမှ မပါဘဲ ကြားနေအဖြစ်ရပ်တည်မယ်လို့ ပြောဆိုထားပြီး “ဝ”ပြည်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်ပြည်သူတွေကို ကူညီထောက်ပံ့ပေးခဲ့တာတွေ ရှိခဲ့ပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဟာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေထဲမှာ အင်အားအကြီးဆုံး ဖြစ်သလို မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော် AA ၊ တအာင်းတပ်မတော် TNLA နဲ့ ကိုးကန့်တပ်မတော် MMDAA တို့နဲ့ မဟာမိတ်တပ် ဖြစ်ပါတယ်။

The Tanintharyi Times