“ဇရာ အစ ၊ ဓမ္မတာ အဆုံး“ (၂)

“ဇရာ အစ ၊ ဓမ္မတာ အဆုံး“ (၂)

“သွေးဆုံးခြင်း နဲ့ ကုသမှု“

တကယ်တော့လည်း သွေးဆုံးတယ် ဆိုတာက သဘာဝ ဖြစ်စဉ် တခုမျှပါဘဲ။ လက္ခဏာ အများစုက အလိုလို ပျောက်ကင်းသက်သာသွားတာပါ။ ဒါပေမဲ့ သက်တောင့်သက်သာ မရှိဘဲ ခံစားရတာ ပြင်းထန်သူတွေကျရင်တော့ ဆေးကုသမှုနဲ့ သက်သာအောင် လုပ်ဆောင်ကြပါတယ်။ ကုသလေ့ရှိတဲ့ နည်းတွေက –

  • ဟော်မုန်း အစားထိုး ကုသမှု- ကိုယ်ခန္ဓာက ထုတ်လုပ်မှု မရှိတော့တဲ့ ဟော်မုန်းတွေကို အစားထိုးကုသမှု အနေနဲ့ ပေးတာပါ။ မီးယပ်ပူ နဲ့ မိန်းမကိုယ် ခြောက်သွေ့မှုမျိုးတွေ နဲ့ အရိုးသန်မာဖို့ ရည်ရွယ် ကုသကြတာပါ။ ဒါပေမဲ့ ဟော်မုန်း အစားထိုးကုသခြင်းကနေ ကျန်းမာရေးပြဿနာ အချို့ ကြုံတွေ့မယ့် အန္တရာယ်က များပါတယ် ၊( ဥပမာ- နှလုံးရောဂါ ၊ ရင်သား ကင်ဆာ) တွေ ဖြစ်နိုင်ချေ ပိုလာတာမို့ ဆေးပေးတာက အထူးသတိထားဖို့ လိုပါတယ်။
  • ဟော်မုန်း မဟုတ်သော ဆေးများ- အထက်က လက္ခဏာတွေကိုဘဲ ဟော်မုန်းမဟုတ်တဲ့ ဆေးတွေ ဖြစ်တဲ့ စိတ်ကျရောဂါ အတွက်ဆေးတွေ၊ သွေးတိုးကျဆေးတွေ ၊ အာရုံကြော ရောဂါ အတွက် ဆေးတွေ သုံး ပြီး ကုသကြတာလည်း ရှိပါတယ်။ ကိုယ်ခန္ဓာက ထွက်တဲ့ ဟော်မုန်းလို အာနိသင် ဆင်တဲ့ ပဲပုပ်လိုမျိုးတွေလည်း စားသုံးဖို့ ညွှန်းကြပါတယ်။
  • အရိုးပွရောဂါ အတွက် – ဆေးဝါးများသာ မက ၊ ဗီတာမင် ဒီ ဖြည့်စွက်စာတွေ နဲ့ အရိုးသန်မာအောင် တိုက်ကျွေးလို့ရပါတယ် ။

“နေထိုင်မှု ပုံစံ ပြောင်းလဲခြင်း“

နေထိုင်မှု ပုံစံ ပြောင်းလဲတာက အမျိုးသမီး အများစုအတွက် သွေးဆုံးလက္ခဏာ သက်သာရေးမှာ အထောက်အကူ ဖြစ်တာကို တွေ့ရပါတယ်။ အောက်ပါ အချက်တွေကို လုပ်ကြည့်သင့်ပါတယ်။

  • မီးယပ်ပူလို ဖြစ်တာကို ရေအေးအေးသောက်တာ၊ ပန်ကာနားထိုင်တာ၊ အိပ်တာ ၊ အဝတ်ပါးပွပွ ဝတ်တာမျိုးတွေ လုပ်နိုင်ပါတယ်။
  • မိန်းမကိုယ် ခြောက်သွေ့မှုအတွက် ဆိုင်တွေမှာရနိုင်တဲ့ moisturizer နဲ့ lubricant တွေသုံးပြီး စိုစွတ် ချောမွေ့စေနိုင်ပါတယ်။
  • ဆီးထွက်ကျတာမျိုး မဖြစ်ဖို့ နဲ့ ဆီးအိမ်နားက ကြွက်သားတွေ သန်မာဖို့ လေ့ကျင့်ခန်းတွေ လုပ်ရပါမယ်။
  • အိပ်ပျော်ဖို့နဲ့ တချို့ရောဂါတွေ ဖြစ်တဲ့ နှလုံး၊ ဆီးချို၊ အရိုးပွ ရောဂါတွေ ကာကွယ်ဖို့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းမျိုးတွေ လုပ်ပေးသင့်ပါတယ်။
  • မှတ်ဉာဏ်ဆိုင်ရာ ပြဿနာတွေ မဖြစ်အောင် လူမှုရေးနဲ့ စိတ်ပညာ ဆိုင်ရာ တက်ကြွလှုပ်ရှားနေသင့် ပါတယ်။
  • ဆေလိပ်သောက်တာက သွေးဆုံးစောစော ဖြစ်သလို မီးယပ်ပူ ဖြစ်တာလည်း ပိုပြီး ခံစားရတယ်လို့ ဆိုပါတယ်။
  • အရက်သောက်သုံးတာကိုလည်း လျှော့ချနိုင်မှသာ သွေးဆုံးချိန်မှာ ရင်သားကင်ဆာ ဖြစ်နိုင်ချေ လျော့ကျဖို့နဲ့ အိပ်ပျော်ဖို့ ထောက်ကူပေးမှာပါ။
  • ကျန်းမာရေးနဲ့ ကိုက်ညီမယ့် အစားအသောက်တွေကို အမယ်စုံအောင် စားသုံးတာကလည်း ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိဖို့နဲ့ မီးယပ်ပူကို သက်သာစေမှာပါ။
  • ယောဂ လေ့ကျင့်ခန်း၊ အသက်ရှု လေ့ကျင့်ခန်းတွေ၊ နှိပ်နယ်ပေးတာတွေကလည်း စိတ်ရောကိုယ်ပါ လျော့ပြေမှု ရရှိစေပါတယ် ။

“သွေးဆုံးခြင်းရဲ့ နောက်ဆက်တွဲများ”

သွေးဆုံးရင် လာနေကျ ဓမ္မတာ မလာလို့ အလုပ်ရှုပ်သက်သာတယ် ဆိုပြီး အပေါ်ယံ ကျေနပ်လို့ မရပါဘူး၊ အမျိုးသမီး ဟော်မုန်း အီစထရိုဂျင် လျော့ပါးသွားရာကနေ ကျန်းမာရေးပြဿနာတွေက အသက်အရွယ်နဲ့ အမျှ တစစ ကြုံတွေ့လာကြရမှာပါ။

သွေးဆုံးပြီးနောက် အတွေ့ရများလာတဲ့ ကျန်းမာရေး ပြဿနာတွေကတော့-

  • အရိုးပါး ၊ အရိုးပွ
  • နှလုံး သွေးတိုး ရောဂါများ
  • ဆီး နဲ့ ဝမ်း ဆိုင်ရာ အဆင်မပြေမှုများ
  • သက်ကြီးပိုင်း သတိမေ့လျာ့မှု ဆိုင်ရာ ရောဂါများ ( Alzheimer’s disease အထိဖြစ်နိုင်)
  • အရေပြား တွန့်ခြင်းများ ပိုမို လာနိုင်
  • ကြွက်သားများ အင်အား နှင့် ကြံ့ခိုင်မှု လျော့ကျ
  • အမြင်အာရုံ လျော့ပါးခြင်း ( အတွင်းတိမ် အထိ ဖြစ်နိုင်)

အရွယ်အရ ရှောင်လွှဲဖို့ မဖြစ်နိုင်တဲ့ သွေးဆုံးမှတ်တိုင်ကို ခြောက်ခြားဖို့တော့ မလိုပါဘူး။ ကြုံတွေ့ရမှာတွေ ကြိုတင် သိထားပြီး ကာယကံရှင်က အသင့်အတင့် နှလုံးသွင်းမှုနဲ့ စိတ်ဖိစီးတာကို သက်သာအောင် ဆောင်ရွက်နိုင်သလို အိမ်ထောင်ဖက် နဲ့ တကွ မိသားစုဝင်တွေကလည်း နားလည် နှစ်သိမ့်မှုတွေနဲ့ ဖြည့်ဆည်းပေးနိုင်ရင်တော့ ဒီ အရွယ် မှတ်တိုင်ကို မပင်မပန်း ဖြတ်သန်း သွားနိုင်ကြမှာပါ။ ။

ဆက်စပ် ဆောင်းပါး >>> ဇရာ အစ ၊ ဓမ္မတာ အဆုံး “ (၁) _ https://www.tntynews.com/2023/01/24/11502/

ဆရာဝန်တစ်ဦး

The Tanintharyi Times