အမေရိကန်က ယူကရိန်းကို ဒေါ်လာ ၄၅ ဘီလီယံ ထောက်ပံ့မယ်
အမေရိကန်က ယူကရိန်းကို ဒေါ်လာ ၄၅ ဘီလီယံ ထောက်ပံ့မယ်
ရုရှားရဲ့ ကျူးကျော်စစ်ကို ရင်ဆိုင်တွန်းလှန်နေရတဲ့ ယူကရိန်းကို အမေရိကန်ဒေါ်လာ ၄၅ ဘီလီယံ ထောက်ပံ့ဖို့ အမေရိကန်လွှတ်တော်နှစ်ရပ်က လာမယ့် ဘဏ္ဍာနှစ် အစိုးရ အသုံးစရိတ်မှာ ထည့်သွင်း အတည်ပြုလိုက်ပါတယ်။
စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ထရီလီယံ ရှိတဲ့ အစိုးရအသုံးစရိတ်ကို အမေရိကန် လွှတ်တော်က အတည်ပြုရာမှာ ယူကရိန်းအတွက် အခုလို ပမာဏ များပြားလှတဲ့ ထောက်ပံ့ငွေကို ထည့်သွင်းပေးထားတာပါ။
ရုရှားကျူးကျော်စစ်နောက်ပိုင်း ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ပြီးခဲ့တဲ့ရက်ပိုင်းက ယူကရိန်း သမ္မတ ဇီလန်းစကီး အမေရိကန်ကို သွားရောက်ခဲ့ပြီးနောက် ယူကရိန်းကို ၄၅ ဘီလီယံ ထောက်ပံ့ဖို့ အတည်ပြုတာလည်း ဖြစ်ပါတယ်။
အမေရိကန်ရဲ့ အကူအညီအတွက် ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလီကန် ပါတီနှစ်ရပ်လုံးရဲခေါင်းဆောင်တွေနဲ့ လွှတ်တော်ကို ကျေးဇူးတင်ကြောင်း၊ ရုရှားကို ခုခံတွန်းလှန်ရာမှာ အမေရိကန်နဲ့ ယူကရိန်း ဘေးချင်းကပ် ရှိနေခြင်းက အလွန်ပဲ အရေးပါကြောင်း သမ္မတ ဇီလန်းစကီးက ပြောပါတယ်။
စာမျက်နှာ လေးထောင်ကျော်ရှိတဲ့ အမေရိကန်ရဲ့ ၂၀၂၃ ခုနှစ် အသုံးစရိတ် ဥပဒေမှာ ကာကွယ်ရေးဘတ်ဂျက် ၈၅၈ ဘီလီယံ သတ်မှတ်ထားပြီး အမေရိကန်စစ်သည်တွေရဲ့ လစာကို ၄ ဒသမ ၆ ရာခိုင်နှုန်း တိုးပေးဖို့ ပါဝင်သလို အမေရိကန် အမတ်တွေရဲ့ လုံခြုံရေး တိုးမြှင့်ဖို့ ဒေါ်လာ နှစ်သန်းခွဲ သုံးဖို့လည်း ပါဝင်ပါတယ်။
ကိုးကား – ဘီဘီစီ
The Tanintharyi Times
