ထားဝယ်မှာ ကိုဗစ်ကြောင့်သေဆုံးသူများနေချိန် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို ၃ရက်တိုင်တိုင်ကျင်းပဖို့ စစ်ကောင်စီ ကြိုးပမ်းနေ
ထားဝယ်မှာ ကိုဗစ်ကြောင့်သေဆုံးသူများနေချိန် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို ၃ရက်တိုင်တိုင်ကျင်းပဖို့ စစ်ကောင်စီ ကြိုးပမ်းနေ

ကိုဗစ်ကြောင့် သေဆုံးသူတွေ ထားဝယ်မှာ များလာပေမဲ့ စစ်ကောင်စီကတော့ တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူပွဲတော်ကို ၃ ရက်တိုင်တိုင်ကျင်းပမယ်လို့ ကြေညာထားပါတယ်။
နောက်လ ၅ ရက်နေ့ကနေ ၇ ရက်နေ့အထိ ဘုရားကြီးဓမ္မာရုံမှာ နှစ်ကျိပ်ရှစ်ဆူ ရုပ်ပွားတော်တွေကို အပူဇော်ခံထားရှိသွားမှာဖြစ်ပြီး ဓမ္မပူဇာသဘင်ကိုပါ ကျင်းပမှာဖြစ်လို့ ရဟန်းရှင်လူ ပြည်သူတွေ လာရောက်ကုသိုလ်ယူကြပါလို့ စစ်ကောင်စီရဲ့ပြန်ဆက်က ဖိတ်ခေါ်ထားပါတယ်။
” လူအများနဲ့ဆိုရင် အရမ်းကြောက်ဖို့ကောင်းပါတယ်။ ကျနော်ကတော့ ကိုဗစ်ကြောင့်ရော နိုင်ငံရေးအခြေအနေကြောင့်ရော သွားဖြစ်မှာမဟုတ်ဘူး။ မြို့နယ်အတွင်းရွာတချို့မှာ လူတွေပြေးနေလွှားနေ ငတ်နေပြတ်နေရတယ်။ စစ်တပ်ကတော့ ဒါတွေဘာမှမရှိသလို ဘာသာရေးကိုအသုံးချပြီးကျင်းပပြနေမှာပဲ။ သပိတ်မျှောပွဲတုန်းကလည်း အဲလိုပဲ။ ကိုဗစ်ကူးတာ၊သေတာကိုလည်း သူတို့ဂရုမစိုက်ပါဘူး” လို့ထားဝယ်မြို့ခံက ပြောပါတယ်။
လှည့်လည်အပူဇော်ခံတာ မပါဝင်ပေမယ့် ဘုရားကြီးထဲမှာ လူစုပေးလိုက်သလိုဖြစ်တာကြောင့် အခုလိုအခြေအနေမှာမပြုလုပ်သင့်ဘူးလို့ ၎င်းက ထောက်ပြပါတယ်။
ပွဲတော်မတိုင်ခင် မှာလည်း နှစ်ကျိပ်ရှစ်ဆူရုပ်ပွားတော်တွေကို မြို့ပေါ် ရပ်ကွက်တွေနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေဆီ တစ်ဆူစီကြိုတင် ပင့်ဆောင့်ပြီး ကျေးရွာတွေထဲ ယာယီမဏ္ဍပ်တွေဆောက်လုပ်ပြီး ပူဇော်ခံဖို့လည်း စီစဉ်ထားပါသေးတယ်။
အဲဒီနောက် နိုဝင်ဘာ ၄ ရက်နေ့မှာတော့ ရပ်ကွက်ကျေးရွာတွေကနေတဆင့် ဘုရားကြီးအတွင်းကိုပြန်လည် ပို့ဆောင်ပြီးအပူဇော်ခံသွားမှာပါ။
ထားဝယ်ခရိုင်အတွင်းမှာ အခု ၄ရက်အတွင်း ကိုဗစ် ကူးစက်ခံရသူ တွေ့ရှိတဲ့၂၉ဦးမှာ ၆ လသားကလေးငယ်တစ်ဦးအပါအဝင် ၇ ဦးအထိ သေဆုံးခဲ့ပါတယ်။
The Tanintharyi Times