စစ်ကောင်စီ ဝင်ငွေတွေကို လူထုအားနဲ့ ဖြတ်တောက်ကြဖို့ တိုက်တွန်း
စစ်ကောင်စီ ဝင်ငွေတွေကို လူထုအားနဲ့ ဖြတ်တောက်ကြဖို့ တိုက်တွန်း
စစ်အသုံးစရိတ်အတွက် စစ်ကောင်စီ လိုအပ်နေတဲ့ ဝင်ငွေတွေကို လူထုအားနဲ့ ဖြတ်တောက်ကြဖို့ ဒီကနေ့ပြုလုပ်တဲ့ ဘဏ္ဍာရေးစစ်မျက်နှာ သတင်းစာရှင်းလင်းပွဲမှာ သပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာဆန်းက တိုက်တွန်းပြောဆိုလိုက်ပါတယ်။
အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု GSCB က ပြည်သူတွေ ဆန့်ကျင်သပိတ်မှောက်ဖို့ ကနဦးတိုက်တွန်းထားတဲ့ အရက်၊ ဘီယာ၊ စီးကရက် ကုန်ပစ္စည်း ၈ မျိုးနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။
ကုန်ပစ္စည်း ၈ မျိုးဟာ မြန်မာဘီယာ (Myanmar Beer) ၊ Andaman Gold တံဆိပ် အရက်၊ ဘီယာ၊ အချိုရည်၊ Dagon တံဆိပ် အရက်၊ ဘီယာ၊ အချိုရည်၊ မန္တလေး ဘီယာနဲ့ ရမ်၊ Black Shield ဘီယာ၊ အာမီရမ်၊ Red Ruby စီးကရက်နဲ့ Premium Gold စီးကရက်တို့ ဖြစ်ပါတယ်။
မြန်မာဘီယာလုပ်ငန်းဖြစ်တဲ့ မြန်မာ့ဘရူဝါရီ ကုမ္ပဏီဟာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တနှစ်အတွင်းမှာ အသားတင်အမြတ်ငွေ အမေရိကန်ဒေါ်လာ သန်း ၃၀ ခန့် မြတ်နေဆဲဖြစ်သလို စစ်ကောင်စီပိုင် မြန်မာ့ စီးပွားရေးဦးပိုင်ဟာလည်း ကျပ်ငွေသန်းပေါင်း ၁ သိန်းကျော်အထိ ဝင်ငွေ ရရှိနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
“ဘဏ္ဍာရေးတိုက်ပွဲမျက်နှာစာဆိုတာက စစ်ရေးတိုက်ပွဲကဲ့သို့ အင်မတန်မှာ အရေးကြီးပါတယ်၊ ဖက်ဆစ်တပ်ကြီးက ကျွန်တော်တို့ ပြည်သူတွေကို မီးရှို့နေတယ်၊ သတ်ဖြတ်နေတယ်၊ ဗုံးတွေကြဲနေတယ်၊ လေယာဉ်တွေ လေယာဉ်ဆီတွေ လက်နက်ကြီးတွေ ဝယ်တယ်ဆိုတာ သူတို့လည်း ပိုက်ဆံလိုပါတယ်၊ သူတို့လိုအပ်နေတဲ့ ငွေရေးကြေးရေးကို လူထုအားနဲ့ ဖြတ်တောက်လို့ရတယ် “ လို့ ဒေါက်တာ တေဇာဆန်းက ပြောပါတယ်။
ဒီတပ်ပိုင် ကုန်ပစ္စည်း ၈ မျိုးကို အချိန် ၂ လအတွင်း သူတို့ရရှိတဲ့ ဝင်ငွေရဲ့ ၇၀ ရာခိုင်နှုန်းအထိ ထိုးကျသွားဖို့ ရည်ရွယ်ထားတာဖြစ်ပြီး ပြည်သူတွေအနေနဲ့ မဝယ်ယူ မသုံးစွဲကြဖို့ကို တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားကြပါတယ်။
စစ်တပ်ပိုင် ကုန်ပစ္စည်း သပိတ်မှောက်ရေး လှုပ်ရှားမှု စတင်လုပ်ဆောင်ခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းကတည်းက သပိတ်အင်အားစု အသီးသီးတို့ဟာ ဆန္ဒပြပွဲတွေမှာ တပ်ပိုင်ကုန်ပစ္စည်းကို သပိတ်မှောက်ကြဖို့ တိုက်တွန်းတာတွေ လုပ်ဆောင်ခဲ့သလို လူထုအကြားမှာ ဝယ်ယူတာ ရောင်းချတာ သုံးစွဲတာတွေ မပြုကြဖို့ အသိပညာပေးမှုတွေလည်း ဆက်တိုက် လုပ်ဆောင်ခဲ့ကြပါတယ်။
လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK ရဲ့ ထုတ်ပြန်ချက်အရ ပြည်သူတွေ သပိတ်မှောက်ရမယ့် စစ်တပ်ပိုင် လုပ်ငန်း စုစုပေါင်း ၁၅၁ ခုရှိတယ်လို့ သိရပါတယ်။
The Tanintharyi Times
