မြိတ်မှာ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်ကြောင့် တစ်ပတ်အတွင်း အပြစ်မဲ့ပြည်သူ သုံးဦးသေဆုံး

မြိတ်မှာ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်ကြောင့် တစ်ပတ်အတွင်း အပြစ်မဲ့ပြည်သူ သုံးဦးသေဆုံး

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် မြိတ်မြို့မှာ တစ်ပတ်အတွင်း သေဆုံးခဲ့ရတဲ့ အပြစ်မဲ့ပြည်သူ သုံးဦးအထိ ရှိခဲ့ပါတယ်။

အခုလ ၂၀ ရက်နေ့မှာ အမျိုးသားတစ်ယောက်နဲ့ ၂၄ ရက်နေ့က အမျိုးသားနှစ်ယောက် အသက်ဆုံးရှုံးခဲ့ကြရပါတယ်။ ၎င်းတို့ဟာ ဈေးဝယ်ဖို့ ထွက်လာရင်း၊ အိမ်ပြန်ဖို့ ဆိုင်ကယ်စီးလာရင်း လမ်းပေါ်မှာပဲ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ကားနဲ့တိုက်သတ်၊ သေနတ်နဲ့ ပစ်ခတ်တာကြောင့် သေဆုံးခဲ့ကြရတာပါ။

သြဂုတ် (၂၀) ရက်နေ့ က အသတ်ခံရတဲ့ အမျိုးသားဟာ မိခင်ဖြစ်သူစားဖို့အတွက် ည(၉)နာရီလောက်မှာ အပြင်ကိုစားစရာထွက်ဝယ်ချိန် ကလွင်ကျေးရွာအုပ်စု၊ ရှမ်းချောင်းလမ်းမကြီးရှိ ဓနိရည်ချိုလမ်းထိပ်မှာ ကင်းလှည့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့တိုးပြီး ကားနဲ့တိုက်သတ်ခံခဲ့ရကာ သေဆုံးခဲ့ရတယ်လို့ Myeik Now သတင်းက ဖော်ပြပါတယ်။

ကားနဲ့ တိုက်သတ်ခံရသူဟာ ဆောက်လုပ်ရေးပန်းရံဆရာတစ်ဦးလည်းဖြစ်၊ သုဘရာဇာ လူငယ်များ နားရေးကူညီမှုအသင်းရဲ့ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်တဲ့ အသက် (၃၈) နှစ်အရွယ် ကိုထွန်းထွန်း (ခ)သားဖြူ ဖြစ်ပါတယ်။

သြဂုတ် (၂၄) ရက်နေ့ ညနေပိုင်းမှာ ပစ်သတ်ခံရတဲ့ လူငယ်လေးနှစ်ယောက်ရဲ့ဖြစ်စဉ်ကတော့ Myeik G – Y မီဒီယာရဲ့ ဖော်ပြချက်အရ ဆိပ်ငယ်ရပ်ကွက်မှာရှိတဲ့ ဆိပ်ငယ်တံတားနဲ့ ပြည်တော်တံတားကြားမှာ ဆိုင်ကယ်သုံးယောက်စီးပြီး အလုပ်ကပြန်လာချိန် စစ်ကောင်စီတပ်တွေက သေနတ်နဲ့ လှမ်းပစ်ခဲ့တဲ့အတွက် နှစ်ဦးပွဲချင်းပြီး သေဆုံးခဲ့ရတာပါ။

အဆိုပါဒေသခံနှစ်ဦးမှာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ တနင်္သာရီတိုင်းမ် အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ကားနဲ့ တိုက်သတ်ခံရ၊ သေနတ်နဲ့ လှမ်းပစ်သတ်ခံရတဲ့ အချိန်တွေက စစ်ကောင်စီအမိန့်ထုတ်ထားတဲ့ ညမထွက်ရကန့်သတ်ချက်တွေနဲ့ လွတ်ကင်းနေတဲ့ အချိန်တွေပဲဖြစ်ပါတယ်။ ည သန်းခေါင် ၁၂ နာရီကနေ မနက် ၄ နာရီအထိ မထွက်ရလို့ပဲ မြိတ်မြို့မှာ အမိန့်ထုတ်ထားတာပါ။

ယောက်ျားလေးနှစ်ယောက်ဆိုင်ကယ်စီးတာနဲ့ပက်သက်ပြီး မြိတ်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တင်းတင်းကြပ်ကြပ် ဖိအားပေးဖမ်းဆီးနေသလို လမ်းသွားလမ်းလာတွေကိုလည်း အကြောင်းအရင်းမရှိဘဲ မကြာခဏဆိုသလို ဖမ်းဆီးခံနေရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။

The Tanintharyi Times