ထိုင်း – ကမ္ဘောဒီးယား ပဋိပက္ခ ဒုတိယနေ့ တိုက်ပွဲဆက်လက်ပြင်းထန်၊ ထိုင်းနိုင်ငံသား တစ်သိန်းသုံးသောင်းကျော် စစ်ရှောင်နေရ

ထိုင်း – ကမ္ဘောဒီးယား ပဋိပက္ခ ဒုတိယနေ့ တိုက်ပွဲဆက်လက်ပြင်းထန်၊ ထိုင်းနိုင်ငံသား တစ်သိန်းသုံးသောင်းကျော် စစ်ရှောင်နေရ

◼ နှစ်နိုင်ငံစစ်ပွဲ ဖြစ်နိုင်တယ်လို့ ထိုင်းယာယီဝန်ကြီးချုပ်ပြော

ထိုင်း – ကမ္ဘောဒီးယားနယ်စပ် ပဋိပက္ခ ဒုတိယနေ့မှာလည်း တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ထိုင်းနိုင်ငံသား တစ်သိန်းသုံးသောင်းနီးပါး စစ်ရှောင်နေရတယ်လို့ ရိုက်တာသတင်းမှာဖော်ပြပါတယ်။

ထိုင်း ယာယီဝန်ကြီးချုပ် ဖွန်သမ် ဝီရာချိုင်းကတော့ နှစ်နိုင်ငံသံတမန်ရေးအရ နယ်စပ်ပဋိပက္ခကို အမြန်ဆုံးဖြေရှင်းလိုပြီး အဲ့လိုမှမဟုတ်ရင်နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်စစ်ပွဲ အထိ ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

ကမ္ဘောဒီးယား နဲ့ ထိုင်းတပ်စစ်တပ်တွေဟာ မနေ့ကမနက်ပိုင်းမှာ စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကို ဒီနေ့ သောကြာနေ့မှာလည်းပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်နေပါတယ်။

ဒါဟာဆယ်စုနှစ်တစ်ခုကျော်အတွင်း နှစ်နိုင်ငံအကြား အပြင်းထန်ဆုံး စစ်ရေးတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့လည်း ဂါဒီယန်း သတင်းမှာဖော်ပြထားပါတယ်။

မနေ့က နှစ်နိုင်ငံနယ်စပ်တစ်လျှောက် ၆ နေရာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီနေ့မှာတော့ ၁၂ နေရာထိ တိုက်ပွဲ ပြင်းထန်နေတာကြောင့် ပဋိပက္ခတွေပိုကျယ်ပြန့်လာတယ်လို့ ဂါးဒီယန်း ကဆိုပါတယ်။

“ ဒီနေ့မှာ တိုက်ပွဲပိုပြင်းထန်လာပါတယ်။ နယ်စပ်ဖြတ်ကျော်ပြီးစစ်တိုက်ရတဲ့ အထိ ဖြစ်လာနိုင်ပါတယ်” လို့ ထိုင်းယာယီဝန်ကြီးချုပ် ဖွန်သမ် ဝီရာချိုင်းက ပြောဆိုခဲ့တာပါ။

ဆက်လက်ပြီး သူက “ ခုချိန်ထိတော့ ကျနော်တို့ သံတမန်နည်းနဲ့ ဖြေရှင်းဖို့ လုပ်ဆောင်နေပါတယ်။ ကမ္ဘောဒီယား ဘက်က ဒုံးကျည်တွေဆက်ပစ်နေတာကြောင့် ကျနော်တို့ အချုပ်အချာကို ကာကွယ်ဖို့ လုပ်ရပါမယ်” လို့ ထိုင်းယာယီဝန်ကြီးချုပ်က ဘန်ကောက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။

ကမ္ဘောဒီးယားစစ်တပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ထိုင်းနိုင်ငံ ခရိုင် ၄ ခုက အရပ်သား ၁၃၈,၀၀၀ ကို ရွှေ့ပြောင်းခဲ့ရတယ်လို့ ထိုင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ထိုင်းဘက်က သေဆုံးသူအရေအတွက်လည်းဆက်လက်မြင့်တက်လာပြီး ဇူလိုင် ၂၅ ရက်နေ့မှာ ၁၅ ဦးအထိ ရှိလာပြီး အရပ်သား ၁၄ ဦးနဲ့ စစ်သားတစ်ဦးပါဝင်ကာ ရှစ်နှစ်အရွယ်ကလေးငယ်တစ်ဦးပါ ကမ္ဘောဒီးယား စစ်တပ်ရဲ့ ဒုံးကျည်ကြောင့် ကွယ်လွန်ခဲ့တယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီနးဌာန က ထုတ်ပြန်ထားပါတယ်။

ကမ္ဘောဒီးယားအစိုးရကတော့ အရပ်သားသေဆုံးမှုနဲ့ စစ်ဘေးရှောင် တွေအကြောင်း လက်ရှိအချိန်ထိ ထုတ်ပြန်တာမျိုး လုပ်ဆောင်တာမရှိသေးပါဘူး။

ရိုက်တာ သတင်းတစ်ရပ်မှာတော့ ထိုင်းက F – 16 နဲ့ ပလေကြောင်းတိုက်ခိုက်မှုကြောင့် ကမ္ဘောဒီးယား နိုင်ငံသားတစ်ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရခဲ့ပြီး အိမ်ထောင်စုပေါင်း ၁၅၀၀ လောက် နေရပ်စွန့်ခွာ နေရတယ်လို့ သိရပါတယ်။

ထိုင်းစစ်တပ်က သောကြာနေ့ မနက်အစောပိုင်းမှာ ဥဘွန် ရာချာ့ဌာနီ နဲ့ ဆူရင်ခရိုင်တွေမှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

“ ကမ္ဘောဒီးယား စစ်တပ်က BM-21 ဒုံးကျည်တွေဆက်လက်ပစ်ခတ်နေပါတယ်” လို့ ထိုင်းစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကိုးကား – ရိုက်တာ၊ ဂါးဒီးယန်း

(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times