စစ်ကောင်စီရဲ့ သေဒဏ်စီရင်မှု ကုလ၊ အမေရိကန်၊ ဂျပန်နဲ့ နိုင်ငံတကာက ပြင်းပြင်းထန်ထန် ရှုတ်ချ
စစ်ကောင်စီရဲ့ သေဒဏ်စီရင်မှု ကုလ၊ အမေရိကန်၊ ဂျပန်နဲ့ နိုင်ငံတကာက ပြင်းပြင်းထန်ထန် ရှုတ်ချ
ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော်နဲ့ လှိုင်သာယာက အရပ်သားနှစ်ဦးကို စစ်ကောင်စီက သေဒဏ်စီရင်လိုက်တဲ့အပေါ် ကုလသမဂ္ဂ၊ အမေရိကန်၊ ဂျပန် အပါအဝင် နိုင်ငံတကာက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။
“ဒီမိုကရေစီခေါင်းဆောင်နဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်ကို သူတို့ရဲ့ အခြေခံလွတ်လပ်ခွင့်တွေ ကျင့်သုံးတဲ့အတွက် စစ်အစိုးရက ကွပ်မျက်ခြင်းကို ကျွန်ုပ်တို့ ရှုတ်ချပါတယ်။ ဆုံးရှုံးမှုအတွက် မြန်မာပြည်သူတွေနဲ့ အတူ ဝမ်းနည်းကြေကွဲရပါတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက ထုတ်ပြန်ပါတယ်။
မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူလေးဦးကို စစ်အစိုးရက ကွပ်မျက်ခြင်းဟာ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ မြန်မာနိုင်ငံကို ပိုမိုအထီးကျန်စေပြီး အလွန်အမင်းစိုးရိမ်စရာပဲလို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာ ဟာယာရှီက ဒီကနေ့မှာ ထုတ်ပြန်ပြောဆိုပါတယ်။
တစ်ဘက်မှာလည်း ဂျပန်အစိုးရဟာ မကြာသေးမီက ပစ်ခတ်လုပ်ကြံခံရလို့ ကွယ်လွန်သွားတဲ့ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ နိုင်ငံတော်ဈာပနကို စက်တင်ဘာလမှာ ပြုလုပ်ဖို့ စီစဉ်ရာမှာ စစ်ကောင်စီ ကိုယ်စားလှယ်ကို ဖိတ်ကြားတဲ့အတွက် ဝေဖန်ကန့်ကွက်မှုတွေ ရင်ဆိုင်နေရပါတယ်။
ကုလသမဂ္ဂရဲ့ ထိပ်တန်းအရာရှိ နှစ်ဦးကလည်း ယခုလို ကြိုးပေးစီရင်လိုက်တာဟာ ပြည်သူတွေကြားမှာ အကြောက်တရားတွေ သွတ်သွင်းဖို့အတွက် ယုတ်မာတဲ့ ကြိုးပမ်းမှုဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန် ပြစ်တင်ခဲ့ပါတယ်။
၁၉၈၈ ခုနှစ်၊ မတ်လနောက်ပိုင်း သေဒဏ်ချမှတ်ခံရသူတွေကို အမှန်တကယ် ကြိုးပေးစီရင်ကွပ်မျက်ခြင်းကို ပထမဆုံးအကြိမ်အဖြစ် စစ်ကောင်စီက ပြန်လည်ကျင့်သုံးခဲ့တာဖြစ်ပြီး သူတို့လေးဦး မစီရင်ခံရမီ မိသားစုဝင်တွေနဲ့ ဗီဒီယိုကတစ်ဆင့် တွေ့ဆုံခွင့်ပြုခဲ့ပေမဲ့ အဲဒါဟာ နောက်ဆုံးတွေ့ဆုံခြင်းလို့ မပြောခဲ့သလို ကြိုးပေးမယ့် အစီအစဉ်ကိုလည်း ကြိုတင်အသိမပေးခဲ့ဘူးလို့ မိသားစုဝင်တွေက ပြောထားပါတယ်။
ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုသူရဇော်တို့ လေးဦးကို စစ်ကောင်စီက ကြိုးပေးစီရင်ခဲ့တဲ့ အပေါ် နိုင်ငံတကာ အဖွဲ့အစည်းတွေဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) နဲ့ အပြည်ပြည်ဆိုင်ရာ ပဋိပက္ခလေ့လာရေးအဖွဲ့ (ICG) တို့ကလည်း ပြစ်တင်ရှုတ်ချထားပါတယ်။
The Tanintharyi Times
