ကိုဖြိုးဇေယျာသော် နဲ့ ကိုဂျင်မီအပါအဝင် ၄ဦးကိုသေဒဏ်စီရင်ပြီးဖြစ်တယ်လို့စစ်ကောင်စီကြေညာ
ကိုဖြိုးဇေယျာသော် နဲ့ ကိုဂျင်မီအပါအဝင် ၄ဦးကိုသေဒဏ်စီရင်ပြီးဖြစ်တယ်လို့စစ်ကောင်စီကြေညာ
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ NLD လွှတ်တော်အမတ် ကိုဖြိုးဇေယျာသော် အပါအဝင် ၄ဦးကို သေဒဏ်စီရင်ပြီးဖြစ်တယ်လို့ ဒီနေ့ထုတ် စစ်ကောင်စီဝါဒဖြန့် မြန်မာ့အလင်းသတင်းစာနဲ့ ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။
“ဝန်ထမ်းတွေလည်း ၂ ရက်ရှိပြီအပြင်ပေးမထွက်။ အပြင်လူလည်းပေးမဝင်ဘူး။ သေဒဏ် စီရင်တာကို သိတာ ၅ယောက်ပဲ ရှိတာပြောတယ်။ ဟိုရက်က မိသားစုနဲ့ပေးတွေ့တာကလည်း နောက်ဆုံးအခွင့်ရေးပေးတာလို့ ပြောတယ်။သတင်းကအပြင်လုံးဝ ထွက်မလာလို့ပါ” လို့ အင်းစိန်ထောင်သတင်းရပ်ကွက်က ခေတ်သစ်မီဒီယာမှာပြောဆိုထားပါတယ်။
နောက်ထပ်သေဒဏ်ချခံရသူနှစ်ဦးမှာ လှမျိုးအောင်(ခ) ကိုမျိုး နဲ့ အောင်သူရဇော် (ခ) သူရ တို့ဖြစ်ကြပါတယ်။
သူတို့ ၄ယောက်ကို ၂၀၂၁ခုနစ် ၊ မတ်လ ၁၄ရက်ကစပြီး နိုင်ငံအတွင်း အကြမ်းဖက်လုပ်ရပ်ကျူးလွန်ရာမှာ စီစဥ်ညှန်ကြားတာ၊ စီမံဆောင်ရွက်တာ၊ ကိုယ်တိုင်ပါဝင်ကျူးလွန်တာတွေ ပြစ်မှုကျူးလွန်ရာမှာ သက်ဆိုင်ရာပြဌာန်းချက်ပုဒ်မတွေ ၊ရာဇသတ်ကြီးဥပဒေပုဒ်မတွေနဲ့ စွဲချက်တင်ပြီး သေဒဏ်ကိုချမှတ်စီရင်ပြီးဖြစ်တယ်လို့ရေးသားထားတာပါ။
ဇူလိုင်လ ၂၂ရက်ကသူတို့ကို မိသားစုနဲ့တွေ့ဆုံမှုပေးပြီးနောက်မှာ နောက်ဆုံးတွေ့ဆုံခွင့်ပေးတာမဟုတ်ကြောင်းနဲ့ နောက်ထပ်တွေ့ခွင့်ပေးဖို့ရှိသေးကြောင်း စစ်ကောင်စီပြောခွင့်ရက မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။
သူတို့ကိုသေဒဏ်ပေးမယ်လို့ စစ်ကောင်စီဘက်ကကြေညာကတည်းက နိုင်ငံတကာနဲ့ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့ နဲ့ကုလသမဂ္ဂတို့က တောက်လျှောက်ကန့်ကွက်ခဲ့ကြတာပါ။
The Tanintharyi Times
