ထားဝယ်ခရိုင်က စစ်ကောင်စီ ဂိတ်တွေမှာ လူငယ်အမျိုးသားတွေစစ်ဆေးဖမ်းဆီးခံရမှု ပိုများလာ

ထားဝယ်ခရိုင်က စစ်ကောင်စီ ဂိတ်တွေမှာ လူငယ်အမျိုးသားတွေစစ်ဆေးဖမ်းဆီးခံရမှု ပိုများလာ

ပုံစာ - ထားဝယ်မြို့ပေါ်က စစ်ကောင်စီတပ်သားတွေ (ပုံဟောင်း)

ထားဝယ်ခရိုင်ထဲက မြို့အဝင်ဂိတ်တွေနဲ့ တခြားစစ်ကောင်စီစစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေးတင်းကြပ်ထားပြီး လူငယ်အမျိုးသားတွေကို စစ်ဆေးဖမ်းဆီးတာတွေပိုများလာတယ်လို့ မြို့ခံတွေကပြောပါတယ်။

မနေ့ကညနေ ၅ နာရီခွဲလောက်မှာ ထားဝယ်- ‌မောင်းမကန်လမ်းပေါ်က ခလရ (၁၀၄) တပ်ရင်းရှေ့မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေက လမ်းသွားလမ်းလာ လူငယ်အမျိုးသားသုံးဦးကို စစ်ဆေးပြီးနောက်တပ်ရင်းထဲကိုဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေကဆိုပါတယ်။

“သူတို့ဆိုင်ကယ်တွေကိုထားပြီး လူတွေကိုကားပေါ်တင်လိုက်တယ်။ ပြီးတော့ တပ်ထဲကိုတခါတည်းမောင်းဝင်သွားတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

သိပ်မကြာခင်မှာပဲ ဂိတ်အနီးမှာခြေလျင်သွားလာနေတဲ့ လူငယ်အမျိုးသားတစ်ဦးကိုလည်း အရပ်ဝတ်ဝတ်ဆင်ထားတဲ့ စစ်ကောင်စီတပ်သားတွေက သေနတ်တွေအသင့်ကိုင်ဆောင်ပြီး လိုက်လံဖမ်းဆီးခဲ့တယ်လို့ ဒေသခံကဆိုပါတယ်။

အဲဒီလူငယ်ကတော့ အနီးအနားက ရာဘာခြံတွေထဲကိုထွက်ပြေးသွားခဲ့တယ်လို့ ‌ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။ ထွက်ပြေးသွားတဲ့လူငယ် ဖမ်းဆီးခံရတာရှိမရှိကို မသိရသေးသလို တပ်ရင်းထဲဖမ်းခေါ်သွားခံရသူတွေဟာ ဘယ်သူဘယ်ဝါတွေဖြစ်တယ်ဆိုတာကိုလည်း စုံစမ်းနေဆဲဖြစ်ပါတယ်။

ထားဝယ်ခရိုင်မှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း စစ်ကောင်တပ်ရဲ့ဂိတ်တွေကနေ စစ်ဆေးဖမ်းဆီးဆီးခံရသူ ငါးဦးထက်မနည်းရှိပြီဖြစ်ပါတယ်။

အခုလ ၁၈ ရက်နေ့ကလည်း ထားဝယ်မြို့အဝင် ဗျောတောဝစစ်ဆေးရေးဂိတ် စစ်ကောင်စီတပ်သားတွ လမ်းသွားလမ်းလာ လူငယ်နှစ်ဦးကို လက်ကိုင်ဖုန်းတွေ စစ်ဆေးပြီးနောက်ဖမ်းဆီးခဲ့တာပါ။

အဲဒီလို စစ်ဆေးဖမ်းဆီးတာတွေအပြင် မြို့အဝင်ဂိတ်တွေမှာလည်း လုံခြုံရေးတိုးမြင့်တာ အင်အားထပ်တိုးတာတွေလုပ်ဆောင်ထားတယ်လို့ ဒေသခံတွေကဆိုပါတယ်။

အခုတစ်ပတ်အတွင်း အိမ်ရှေ့ပြင်စစ်ဆေးရေးအနီးက ငါးထပ်ဟိုတယ်တစ်ခုမှာ စစ်ကောင်စီတပ်သားတွေ နေရာယူတပ်စွဲလိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။

“စနိုက်ပါတွေလည်းရှိတယ်လို့ကြားရတယ်။ ဂိတ်မှာနဲ့ ဟိုတယ်မှာတပ်စွဲထားတာနဲ့ဆို အင်အားက သုံးဆယ်ကျော်လေးဆယ်လောက်အထိရှိနိုင်တယ်” လို့ အိမ်ရှေ့ပြင်ရပ်ကွက်မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ထားဝယ်မြို့နဲ့ လောင်းလုံးမြို့နယ်ကိုဆက်သွယ်ထားတဲ့ ကမြောကင်းတံတားစစ်ဆေးရေး ဂိတ်ကလည်း သံဆူးကြိုးအတားအဆီးတွေကို ဂိတ်နဲ့ခပ်ဝေးဝေးနေရာအထိလမ်းပေါ်မှာချထားပြီး စစ်ကောင်စီတပ်သားတွေလည်း အရင်ကထက်အင်အားပိုများနေတယ်လို့ လမ်းသွားလမ်းလာ တွေကဆိုပါတယ်။

လောင်းလုံးမြို့နယ်က ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကတော့ စစ်ကောင်စီတပ်ဟာ မိုးရာသီမှာ လေကြောင်းကိုအားကိုးပြီးတိုက်ရတဲ့တိုက်ပွဲတွေထက် မြို့ကိုလုံခြုံရေးတင်းကြပ်ပြီး ခံစစ်ပုံစံပိုမိုလုပ်လာနိုင်တယ်လို့ ဆိုပါတယ်။

“ခံစစ်ပုံစံဆိုရင် ဂိတ်တွေမှာ အရင်ကထက်စစ်ဆေးတင်းကြပ်တာတွေ ဖမ်းဆီးတာတွေပိုလုပ်လာနိုင်တယ်။ သူတို့ထိန်းချုပ်ထားတဲ့ နေရာတွေထဲကနေ ကာရံတာ၊ ပြင်ဆင်တာတွေပိုလုပ်လိမ့်မယ်” လို့ လောင်းလုံးမြို့နယ်က ပြည်သူ့သူ့ကာကွယ်ရေးရဲဘော် ရဲဘော် AK က သုံးသပ်ပြောဆိုပါတယ်။

ထားဝယ်မြို့နယ်မှာတော့ ပြီးခဲ့တဲ့နှစ်ပတ်အတွင်း စစ်ကောင်စီရဲ့ အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်နဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်တွေတိုက်ခိုက်ခံခဲ့ရပြီး ဒီနေ့မနက်ပိုင်းမှာလည်း သရက်ချောင်းမြို့ပေါ်က စစ်ကောင်စီစစ်ဆေးရေးဂိတ် ပစ်ခတ်ခံခဲ့ရပါတယ်။

ထားဝယ်ခရိုင်မှာ မြို့အဝင်စစ်ဆေးရေးဂိတ် လေးခုအပြင် ထားဝယ်မြို့နယ်မှာ စစ်ဆေးရေးဂိတ် ငါးခု၊ သရက်ချောင်းမြို့နယ်မှာ စစ်ဆေးရေးဂိတ် ခြောက်ခု၊ ရေဖြူမြိုနဲ့ လောင်းလုံးမြို့နယ်တွေမှာ သုံးခုစီရှိကြပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ရင်းတွေရှေ့မှာလည်း အကြာခဏစစ်ဆေးတာတွေ လုပ်ဆောင်‌လေ့ရှိပါတယ်။

The Tanintharyi Times