လက္ကူးရွာက ဒေသခံ ၃ ဦးကို ဆက်လက်ဖမ်းဆီး၊ ထိန်းသိမ်းထားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပြော

လက္ကူးရွာက ဒေသခံ ၃ ဦးကို ဆက်လက်ဖမ်းဆီး၊ ထိန်းသိမ်းထားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပြော

ပုံစာ - မူးယစ်ဆေးရောင်းချတဲ့အိမ်ကို ဝင်ဖမ်းစဉ် အဖမ်းခံခဲ့ရသူတစ်ဦးနဲ့ သိမ်းဆည်းခဲ့တဲ့ ငွေကြေးနဲ့ ပစ္စည်းအချို့

ပုလောမြို့နယ်၊ လက္ကူးရွာက ဒေသခံ ၃ ဦးကို ဆက်လက် ဖမ်းဆီး၊ ထိန်းသိမ်းထားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံတွေက ပြောပါတယ်။

အခုလ ၂၀ ရက်နေ့ မနက်ပိုင်းမှာ လက္ကူးရွာက အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ကို တပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးခဲ့တဲ့ အကြောင်းအရင်းက မူးယစ်ဆေးဝါးရောင်းချတဲ့အိမ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးချိန်မှာ အိမ်ရှင်က လွတ်မြောက်သွားပြီး ဆေးသုံးစွဲသူအမျိုးသားတစ်ဦးကို တွေ့ရှိလို့ ဖမ်းဆီးခဲ့ပါတယ်။

“ သူက ဆေးစွဲနေတာပါ။ ဆေးဖြတ်ဖို့ဆိုရင် ၃ လလောက်လိုပါတယ်။ ၃ လပြည့်ပြီးရင်တော့ ကျနော်တို့ဘက်က ပြန်လွှတ်ပေးမှာပါ။” လို့ မြိတ်ခရိုင်တပ်ရင်း(၁)ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားနဲ့အတူ သိမ်းဆည်းခဲ့တဲ့ ဆိုင်ကယ်၊ ပိုက်ဆံအချို့နဲ့ လက်ဝတ်လက်စားအချို့ကိုတော့ ဘယ်လိုလုပ်မလဲဆိုတာ ဒေသအခြေစိုက်တပ်ဖွဲ့ ပုလော(ပအဖ)ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်တယ်လို့ တာဝန်ရှိသူက ဆက်ပြောပါတယ်။

ပုလော(ပအဖ) တာဝန်ရှိသူကတော့ “ တကယ်ပဲ စစ်ကောင်စီထောက်တိုင်ဖြစ်နေရင် ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းမယ်။ ထုခွဲရောင်းချပြီး တော်လှန်ရေးအတွက် သုံးစွဲသွားမယ်ဗျ။ သုံးစွဲရမဲ့အချိုးကလည်း NUGအစိုးရက ညွှန်ကြားထားတဲ့အတိုင်း ၃၀%၊ ၃၀%၊ ၄၀% အချိုးအတိုင်း သုံးစွဲသွားမယ်ဗျ။” လို့ ပြောပါတယ်။

NUGအစိုးရက ညွှန်ကြားထားတဲ့ ရာခိုင်နှုန်းအချိုးက စစ်ရှောင်ကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍတွေမှာ အသုံးပြုမဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အတွက် ရန်ပုံ‌ငွေ ၃၀%၊ နောက် ၃၀% က NUG အစိုးရအတွက် ရန်ပုံငွေဖြစ်ပြီး နောက်ထပ် ၄၀%က တော်လှန်ရေးသမားတွေအတွက် လက်နက်၊ ခဲယမ်းဝယ်ယူရေးနဲ့ အထွေထွေရန်ပုံငွေ စသဖြင့် ခွဲပြီးအသုံးပြုရမှာ ဖြစ်ပါတယ်။

မူးယစ်ဆေးဝါးရောင်းချတဲ့အိမ်ကို ဝင်ဖမ်းစဉ် ဓာတ်ပုံရိုက်ကူးခဲ့လို့ ဖမ်းဆီးခံထားရတဲ့ လက္ကူးရွာသား အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးဖြစ်တဲ့ အသက် ၄၀ ဝန်းကျင်အရွယ် ဒေါ်စန္ဒာအေးကိုတော့ ဒေသအခြေစိုက် ပုလော(ပကဖ) က ဖမ်းဆီး၊ ထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။

ပုလော (ပကဖ) တာဝန်ခံက “ပကဖ ဘက်ကဖမ်းတာက ပုံခိုးရိုက်နေတဲ့သူကိုဖမ်းတာ။ ဖမ်းပြီးစစ်တော့ စန္ဒာအေးကနေ ရိုက်ခိုင်းတာပါဆိုတာ ထွက်လာတယ်။ စန္ဒာအေးဆိုတာက ဒလန်ဖြစ်နေတယ်။” လို့ ပြောပါတယ်။

သူတို့နှစ်ယောက်စလုံးကို လွှတ်ပေးမဲ့ အခြေအနေတော့ မရှိဘူးလို့ အဆိုပါတာဝန်ခံက ဆက်ပြောပါတယ်။

ဒေါ်စန္ဒာအေးဟာ တော်လှန်ရေးအဖွဲ့တွေနဲ့ အဆက်အသွယ်ရှိတဲ့ ဒေသခံတွေကို စစ်ကောင်စီတပ်ထံ သတင်းပေးနေတဲ့သူဖြစ်ပြီး ၎င်းသတင်းပေးမှုကြောင့် လက္ကူးရွာသားတစ်ဦး အခုလဆန်းပိုင်းလောက်က အဖမ်းခံခဲ့ရတယ်လို့ တာဝန်ခံရဲ့ ပြောပြချက်အရ သိရပါတယ်။

၎င်းကြောင့် အဖမ်းခံရသူတွေက လက္ကူးရွာသားတွေအပြင် တခြားဒေသခံတွေလည်း ဖမ်းဆီးခံရတာရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။

ပုလောမြို့နယ်မှာ စစ်ကောင်စီစစ်ဆေးရေးဂိတ် ၃ ခု ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသလို စစ်ကောင်စီယာဥ်တန်းလည်းမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ဒေသတွင်း အချိန်မရွေးပစ်ခတ်မှုဖြစ်နိုင်တဲ့ အနေအထားမှာ ရှိနေတာကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ ခရီးမသွားကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မေတ္တာရပ်ခံထားပါတယ်။

The Tanintharyi Times