မျောက်ကျောက်ရောဂါ ကူးစက်နိုင်သည့်နည်းလမ်းများနှင့် ရောဂါလက္ခဏာများ

မျောက်ကျောက်ရောဂါ ကူးစက်နိုင်သည့်နည်းလမ်းများနှင့် ရောဂါလက္ခဏာများ

Monkeypox Virus Infection

မျောက်ကျောက်ရောဂါ (Monkeypox Virus Infection) သည် တိရစ္ဆာန်များမှတစ်ဆင့်သယ်ဆောင်လာသည့် ဗိုင်းရပ်စ်ပိုး Orthopoxvirus က လူသို့ ကူးစက်ရာမှ ဖြစ်ပွားသောကျောက်ရောဂါတစ်မျိုး ဖြစ်ပါသည်။ ကျောက်ကြီးရောဂါ (Smallpox) လောက် မပြင်းထန်သော်လည်း ရောဂါလက္ခဏာများမှာ ကျောက်ကြီးရောဂါနှင့် ဆင်တူပါသည်။

(က) တိရစ္ဆာန်မှတစ်ဆင့် လူကို ကူးစက်ခြင်း

– ရောဂါကူးစက်ခံထားရသော တိရစ္ဆာန်များ၏ သွေး၊ ခန္ဓာကိုယ်မှထွက်သော အရည်များ၊(သို့မဟုတ်) အနာများအား ထိတွေ့ကိုင်တွယ်မိခြင်း

– ရောဂါကူးစက်ခံထားရသည့် တိရစ္ဆာန်၏ အသားနှင့် အခြားတိရစ္ဆာန်ထွက်ပစ္စည်းများကိုသေချာစွာ ကျက်အောင် မချက်ဘဲ စားသုံးမိခြင်း

– တောအုပ်ထဲ သို့မဟုတ် တောအုပ်အနီး နေထိုင်သူများတွင် ရောဂါကူးစက်ခံထားရသည့်တိရစ္ဆာန်များနှင့် သွယ်ဝိုက်သောအားဖြင့် ထိတွေ့နိုင်ခြေ အနည်းငယ်ရှိခြင်း

(ခ) လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်ခြင်း

– ရောဂါကူးစက်ခြင်းခံထားရသူ၏ အသက်ရှူလမ်းကြောင်းမှ ထွက်လာသော အရည်များ၊အနာများ (သို့မဟုတ်) ရောဂါပိုး လတ်တလော ကပ်တင်ကျန်နေသော အရာဝတ္ထုများကို ထိတွေ့ကိုင်တွယ်မိခြင်း

– အသက်ရှူလမ်းကြောင်းမှတစ်ဆင့်ကူးစက်ရာတွင် လူတစ်ဦးနှင့် တစ်ဦး အချိန်ကြာမြင့်စွာမျက်နှာချင်းဆိုင် စကားပြောခြင်းကြောင့် ကူးစက်နိုင်ပါသည်။

– ရောဂါကူးစက်ခံထားရသူ လူနာနှင့် အနီးကပ်ထိတွေ့လေ့ရှိသော ကျန်းမာရေးဝန်ထမ်းများ၊မိသားစုဝင်များနှင့် အခြားသူများတွင် ကူးစက်နိုင်ခြေ ပိုမိုများပြားပါသည်။

– ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန်ဆောင်စဉ်တွင် အချင်းမှတစ်ဆင့် ကလေးကို ကူးစက်နိုင်သကဲ့သို့ ကလေးမွေးဖွားချိန်နှင့် မွေးဖွားပြီးချိန်များတွင် မိခင်မှ ကလေးသို့ ကူးစက်နိုင်ပါသည်။

– လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်နိုင်ခြေကို သေချာရှင်းလင်းစွာ အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ရောဂါလက္ခဏာများ

ရောဂါလက္ခဏာများသည် ရောဂါစတင်ကူးစက်ခံရပြီး (၆) ရက်မှ (၁၃) ရက် (သို့မဟုတ်) (၅) ရက်မှ (၂၁) ရက် အတွင်း စတင်ပေါ်ပေါက်လာနိုင်ပါသည်။

(က) ရောဂါကူးစက်ခံရပြီး ပထမ (၅) ရက်အတွင်း

– ဖျားခြင်း

– အလွန်အမင်းခေါင်းကိုက်ခြင်း

– ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း

– ကျောအောင့်ခြင်း

– ကြွက်သားများ နာကျင်ကိုက်ခဲခြင်း

– အလွန်အမင်း အားအင်ကုန်ခမ်းခြင်း

– အခြားလက္ခဏာတူသော ရောဂါများ (ရေကျောက် Chickenpox၊ ဝက်သက် Measles၊ကျောက်ကြီး Smallpox) နှင့် ယှဉ်လျှင် ပြန်ရည်ကျိတ်ရောင်ရမ်းခြင်းသည် မျောက်ကျောက်ရောဂါ၏ သိသာထင်ရှားသော လက္ခဏာတစ်ခုဖြစ်ပါသည်။

(ခ) အဖျားလက္ခဏာပေါ်ပေါက်ပြီး (၁) ရက်မှ (၃) ရက်အတွင်း

– အနာများ၊ အဖုအပိမ့်၊ အနီကွက် (Rash) များ ပေါ်ပေါက်လာခြင်း။

– အဖုအပိမ့်၊ အနီကွက်များသည် ခန္ဓာကိုယ်ထက်စာလျှင် မျက်နှာနှင့် ခြေလက်များတွင် ပိုမိုဖြစ်ပွားနိုင်ပါသည်။ ခံတွင်း၊ လိင်အင်္ဂါတစ်ဝိုက်နှင့် မျက်စိတို့တွင်လည်း ဖြစ်ပွားတတ်ပါသည်။

– အဖုအပိမ့်များသည် အနည်းငယ်မှ ထောင်ဂဏန်းထိ ဖြစ်ပွားနိုင်ပါသည်။

– ပြင်းထန်လူနာများတွင် အဖုအပိမ့်များ ပေါင်းသွားပြီး အရေပြားကွာကျသည်အထိ ဖြစ်ပွားနိုင်ပါသည်။

မျောက်ကျောက်ရောဂါ လက္ခဏာများသည် (၂) ပတ်မှ (၄) ပတ်အထိကြာအောင် ရှိနေတတ်ပါသည်။

ကလေးငယ်များတွင် ရောဂါပိုမိုပြင်းထန်နိုင်ပြီး ရောဂါပြင်းထန်မှုသည် ဗိုင်းရပ်စ်ပိုးနှင့် ထိတွေ့မိသည့် အတိုင်းအတာ၊ လူနာ၏ ကျန်းမာရေးအခြေအနေနှင့် နောက်ဆက်တွဲရောဂါလက္ခဏာများအပေါ် မူတည်ပါသည်။ ခုခံအားကျဆင်းနေသူများတွင် ကူးစက်ဖြစ်ပွားပါကရောဂါပိုမိုဆိုးရွားနိုင်ပါသည်။

မျောက်ကျောက်ရောဂါ၏ နောက်ဆက်တွဲကျန်းမာရေးပြဿနာများ

– အခြားကူးစက်ရောဂါများ ဝင်ရောက်လာခြင်း

– အဆုတ်ရောင်ရောဂါ

– သွေးဆိပ်တက်ခြင်း

– ဦးနှောက်ရောင်ရောဂါ

– မျက်ကြည်လွှာပိုးဝင်၍ အမြင်အာရုံဆုံးရှုံးခြင်း

ရောဂါကူးစက်ဖြစ်ပွားမှုမှ ကာကွယ်ခြင်း

(က) တိရစ္ဆာန်များတစ်ဆင့် လူသို့ ကူးစက်ခြင်းကို ကာကွယ်နိုင်ရန်

– တောရိုင်းတိရစ္ဆာန်များကို အကာအကွယ်မပါဘဲ ထိတွေ့ကိုင်တွယ်ခြင်း မပြုရပါ။

– အထူးသဖြင့် နာမကျန်းတိရစ္ဆာန်များ (သို့မဟုတ်) သေဆုံးတိရစ္ဆာန်များ၏ အသားများ၊သွေးများနှင့် အခြားအစိတ်အပိုင်းများကို အကာအကွယ်မပါဘဲ ထိတွေ့ကိုင်တွယ်ခြင်းမှရှောင်ကြဉ်ပါ။

– အသားနှင့် အခြားတိရစ္ဆာန်ထွက်ပစ္စည်းများကို သေချာစွာ ကျက်အောင် ချက်ပြုတ်ပြီးမှစားသုံးပါ။

(ခ) လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်ခြင်းကို ကာကွယ်ရန်

– ရောဂါကူးစက်ခံထားရသည်ဟု သံသယရှိသူလူနာများနှင့် ရောဂါအတည်ပြုခံထားရသူလူနာများနှင့် အနီးကပ် ထိတွေ့ဆက်ဆံခြင်းမှ ရှောင်ကြဉ်ပါ။

– လူနာကို အနီးကပ်စောင့်ရှောက်မှုပေးနေရသည့် ကျန်းမာရေးဝန်ထမ်းများနှင့် မိသားစုဝင်များသည် ကူးစက်ရောဂါကာကွယ်ရေးနည်းလမ်းများကို အထူးဂရုပြုလိုက်နာရပါမည်။

– ဖြစ်နိုင်ပါက ကျောက်ကြီး (Smallpox) ရောဂါ ကာကွယ်ဆေးထိုးထားဖူးသူများကသာလူနာကို ပြုစုစောင့်ရှောက်သင့်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်ချက်မှ ကူးယူဖော်ပြပါသည်။