အမေရိကန်မှာ ဆယ်ကျော်သက် သေနတ်သမားက မူလတန်းကျောင်းကို ဝင်ပစ်လို့ ၂၁ ဦးသေ
အမေရိကန်မှာ ဆယ်ကျော်သက် သေနတ်သမားက မူလတန်းကျောင်းကို ဝင်ပစ်လို့ ၂၁ ဦးသေ
အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်က မူလတန်းကျောင်း တစ်ကျောင်းမှာ မေလ ၂၄ ရက်နေ့က အသက် ၁၈ နှစ်အရွယ် သေနတ်သမားတစ်ဦး ဝင်ရောက်ပစ်ခတ်လို့ ကလေး ၁၉ ဦးနဲ့ ဆရာတစ်ဦး အပါအဝင် စုစုပေါင်း ၂၁ ဦး သေဆုံးသွားခဲ့ပါတယ်။
အသက် ၁၈ နှစ်အရွယ် သေနတ်သမားဟာ မူလတန်းကျောင်းအတွင်းမှာ တစ်ခန်းပြီးတစ်ခန်း လိုက်လံပစ်ခတ်ခဲ့တာ ဖြစ်ပြီးတော့ နောက်ဆုံးမှာ သူ့ကို သေနတ်သံကြားလို့ ရောက်လာတဲ့ နယ်ခြားစောင့်ရဲတစ်ဦးက အသေပစ်ခတ် ဖမ်းဆီးလိုက်ကြောင်း အမေရိကန် မီဒီယာတွေက ဖော်ပြပါတယ်။
ဆာဗေဒို ရာမို့စ်လို့ အမည်ရတဲ့ အသက် ၁၈ နှစ်အရွယ် သေနတ်သမားဟာ စစ်သုံးရိုင်ဖယ်သေနတ်နှစ်လက်ကို သူ့ရဲ့ ၁၈ နှစ်ပြည့်မွေးနေ့မှာ ဝယ်ယူခဲ့တာဖြစ်ပြီး မူလတန်းကျောင်းကို မသွားခင် နေအိမ်မှာ အဖွားဖြစ်သူကို အရင် ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
ရာမို့စ်ဟာ ဘာကြောင့် ဒီလိုသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တယ်ဆိုတာ သေချာမသိရသေးပေမယ့် တိုက်ခိုက်မှုတစ်ခု ရှိလာနိုင်ကြောင်းနဲ့ ကလေးတွေ သတိထားဖို့လိုကြောင်း သူက လူမှုကွန်ရက်မှာ ရေးသားခဲ့တယ်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့က တွေ့ရှိထားပါတယ်။
လွန်ခဲ့တဲ့ ၁၀ ရက်ကျော်တုန်းကလည်း နယူးယောက်ပြည်နယ်၊ ဘတ်ဖလိုမြို့က ကုန်စုံဆိုင်တစ်ခုမှာ အသားအရောင်ခွဲခြားတဲ့ သေနတ်သမားတစ်ဦးက ဝင်ရောက်ပစ်ခတ်လို့ လူမည်း ၁၀ ဦးအထိ သေဆုံးခဲ့ပါသေးတယ်။
ရော့ဘ်မူလတန်းကျောင်းက သေနတ်ပစ်ခတ်မှုနောက် နာရီပိုင်းအကြာမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က တိုင်းပြည်ကို မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပြီး သေနတ်ကိုင်ဆောင်မှု ပိုမိုထိန်းချုပ်ဖို့နဲ့ သေနတ်ကိုင်ဆောင်ခွင့် တောင်းဆိုနေတဲ့ လော်ဘီတွေကို ဆန့်ကျင်ဖို့ ပြောဆိုခဲ့ပါတယ်။
လက်တင်လူမျိုးအများအပြား နေထိုင်တဲ့ အူဗာဒီးလ်မြို့က ရော့ဘ်လို့ခေါ်တဲ့ မူလတန်းကျောင်းက အဲဒီ ကြေကွဲဖွယ်ဖြစ်ရပ်ဟာ ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံးနဲ့ အသေအပျောက်အများဆုံး ဖြစ်လာပြီး အဲဒီမတိုင်ခင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာတုန်းကလည်း ကွန်နက်တီကပ်ပြည်နယ်က မူလတန်းကျောင်းတစ်ကျောင်းမှာ သေနတ်ပစ်ခတ်မှုကြောင့် လူပေါင်း ၂၆ ဦး သေဆုံးခဲ့ပါတယ်။
(ကိုးကား – အေပီ)
