ဘုတ်ပြင်းမှာ ဖမ်းဆီးထားတဲ့ ရိုဟင်ဂျာတစ်ရာကျော်ကို စစ်ကောင်စီ က ထောင်ဒဏ်နှစ်နှစ်စီချ
ဘုတ်ပြင်းမှာ ဖမ်းဆီးထားတဲ့ ရိုဟင်ဂျာတစ်ရာကျော်ကို စစ်ကောင်စီ က ထောင်ဒဏ်နှစ်နှစ်စီချ

ဘုတ်ပြင်းမြို့နယ်၊ ထောင်ကမတ်ရွာ အနီးမှာ ဖမ်းဆီးခံခဲ့ရတဲ့ ရိုဟင်ဂျာတစ်ရာကျော်ကို စစ်ကောင်စီ လက်အောက်ခံ ဘုတ်ပြင်းတရားရုံးက ထောင်ဒဏ်နှစ်နှစ်စီချမှတ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရိုဟင်ဂျာလူမျိုး အမျိုးသား ၉၅ ဦး၊ အမျိုးသမီး နှစ်ဦးနဲ့ ကလေးငါးဦး တို့ကို မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ ၆ အပိုဒ် ၃ အရ ထောင်ဒဏ် နှစ်နှစ်စီချမှတ်လိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။
သူတို့ဟာ ဘုတ်ပြင်းကနေ ထိုင်းနိုင်ငံထဲဝင်ဖို့ကြိုးစားခဲ့တဲ့အချိန် အခုလ ၅ ရက်နေ့မွန်းလွဲပိုင်းက ထောင်ကမတ်ရွာ သုသာန် အနီးမှာရှိတဲ့ တောင်ဒဂုံကုမ္ပဏီပိုင် ဆီအုန်းခြံထဲမှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
“ကလေးတွေရောလူကြီးတွေပါ အကုန်နှစ်နှစ်စီချခံရတာ။ အကုန်လုံးကော့သောင်းဘက်ကို ပို့လိုက်ပြီ။” လို့ ဘုတ်ပြင်းမြို့နယ်က CDM ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
အဖမ်းခံရတဲ့ ရိုဟင်ဂျာတွေဟာ ဘုတ်ပြင်းမြို့နယ်အားကစားရုံမှာအဖမ်းခံထားရပြီး အထောက်အထားမဲ့ခရီးသွားလာတာနဲ့ မှတ်ပုံတင်အထောက်အထားမရှိတာတွေကြောင့် စစ်ကောင်စီတပ်က မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး အက်ဥပဒေနဲ့ တရားစွဲဆိုထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဖမ်းခံရပြီး နှစ်ပတ်အကြာ အခုလ ၂၁ ရက်နေ့မှာ ထောင်ဒဏ်ချမှတ်လိုက်ပြီး အခုလ ၂၂ ရက်နေ့မနက်စောစော ၄ နာရီမှာ ကော့သောင်းမြို့က အကျဉ်းထောင်ကို ပို့လိုက်ပြီလို့ မြို့နယ်အတွင်းတက်ကြွလှုပ်ရှားသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
အရင်ကတော့ ဘုတ်ပြင်းမြို့နယ်ကတဆင့် ထိုင်းနိုင်ငံဘက်ကို ခိုးဝင်ဖို့ကြိုးစားတဲ့ အရပ်သားတွေကို စစ်ကောင်စီတပ်က အခုလိုပစ်ခတ်ဖမ်းဆီးပြီးအရေးယူတာမျိုးမရှိခဲ့ဖူးဘူးလို့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။
The Tanintharyi Times