မြန်မာ့ စစ်အုပ်စုကို အကျိုးရှိစေမယ့် စီမံကိန်းတွေဆက်မလုပ်ဖို့ ဂျပန်အစိုးရထံတောင်းဆို
မြန်မာ့ စစ်အုပ်စုကို အကျိုးရှိစေမယ့် စီမံကိန်းတွေဆက်မလုပ်ဖို့ ဂျပန်အစိုးရထံတောင်းဆို
ဂျပန်အစိုးရက စစ်တပ်ကုမ္ပဏီ MEC နဲ့ ပူးပေါင်းပြီး ပဲခူးမြစ်ကူးတံတားစီမံကိန်းအကောင်အထည်ဖော်ဖို့စီစဉ်
ဂျပန်နိုင်ငံအနေနဲ့ မြန်မာ့အာဏာသိမ်း စစ်ကောင်စီကို အကျိုးပြုနေတဲ့ စီမံကိန်းတစ်ခုကို ဆက်လက်လုပ်ဆောင်သွားဖို့ စီစဥ်ထားမှု အပေါ် လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Human Right Watch က ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ဝေဖန်ထောက်ပြလိုက်ပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက် ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ ဂျပန်လွှတ်တော် အစည်းအဝေးမှာ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက မြန်မာနိုင်ငံအတွင်းမှာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကူအညီပေးရေး စီမံကိန်းတစ်ခုကို စစ်အာဏာရှင်တွေနဲ့ လက်တွဲလုပ်ဆောင်သွားဖို့ ဘက်ဂျက်တင်ပြတောင်းဆိုခဲ့တာနဲ့ပတ်သက်ပြီး HRW က ထောက်ပြခဲ့တာဖြစ်ပါတယ်။
ဂျပန်ဝန်ကြီးချုပ်ရဲ့ မြန်မာနိုင်ငံတဲ့ ပတ်သက်တဲ့ အစီစဉ်တွေ ကို ဂျပန် နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာ ဟာယာရှီကလည်း ထောက်ခံအတည်ပြုပေးခဲ့ပါတယ်။
ဂျပန်နိုင်ငံရဲ့ ဆောက်လုပ်ရေး လုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ Yokogawa Bridge Corp ရဲ့ မြန်မာစစ်အာဏာရှင်တွေနဲ့ ပူးပေါင်း ဆောက်လုပ်နေတဲ့ “ပဲခူးမြစ်ကူးတံတားဆောက်လုပ်ရေးစီမံကိန်း” ကို ဆက်လက် အကောင်အထည်ဖော်သွားမယ်လို့ ဖြေကြားခဲ့တာဖြစ်ပါတယ်။
ဂျပန် ဝန်ကြီးချုပ်အနေနဲ့ မြန်မာစစ်အာဏာရှင်တွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေမှာ ပူပေါင်းပါဝင်သင့်ပြီး ငွေကြေးထောက်ပံ့မှုတွေ ဆက်လက် မပြုလုပ်သင့်ကြောင်း Human Right Watch က ထောက်ပြလိုက်ပါတယ်။
အဆိုပါစီမံကိန်းမှာ ပါဝင်နေတဲ့ သံမဏိစက်ရုံဟာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ရဲ့ လက်အောက်ခံ ကုမ္ပဏီဖြစ်တယ်လို့ ၂၀၂၁ ခုနှစ် မတ်လက Myanmar Now က ထုတ်ပြန်ခဲ့တာကြောင့် ဒီစီမံကိန်းကို အကော်အထည်ဖော်ခြင်းဟာ မြန်မာစစ်အုပ်စုကို အမြတ်အစွန်း များစွာ ထောက်ပံ့ပေးနေသလို ဖြစ်နေတယ်လို့ Human Right Watch က ဆိုပါတယ်။
ဒါ့အပြင် Human Rights Watch ရဲ့ ငွေကြေးအလွှဲအပြောင်းဆိုင်ရာ စိစစ်သုံးသပ်ချက်တွေအရ ၂၀၂၂ ခုနှစ် ဇူလိုင်လကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအထိ Yokogawa Bridge Corp ဘက်က MEC ကို အမေရိကန်ဒေါ်လာ ၂ သန်း နီးပါး လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
မြန်မာစစ်တပ်ပိုင် MEC ဟာ ကုန်ထုတ်လုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်း အပါအဝင် စီးပွားရေး ကဏ္ဍမျိုးစုံကနေ အကျိုးအမြတ် မြောက်များစွာ ရရှိနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကျောထောက် နောက်ခံပြု လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေး အဖွဲ့ရဲ့ ၂၀၁၉ ခုနှစ်အတွက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
လက်ရှိမှာ အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ၊ ကနေဒါနဲ့ သြစတြေးလျတို့က မြန်မာစစ်တပ်ရဲ့ စီးပွားရေး လုပ်ငန်းတွေဖြစ်တဲ့ MEC နဲ့ မြန်မာ့ဦးပိုင်လုပ်ငန်းစု (Myanmar Economic Holdings Limited) တို့ကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ဆောင်ထားပါတယ်။
Human Right Watch အဖွဲ့က ဂျပန်အစိုးရအနေနဲ့လည်း မြန်မာစစ်အာဏာရှင်တွေရဲ့ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအောက်မှာ ခါးစည်းခံနေရတဲ့ ပြည်သူလူထုအတွက် ထည့်သွင်းစဥ်းစားပေးသင့်တယ်လို့ အကြံပြုထားပါတယ်။ ဒါ့အပြင် မြန်မာပြည်သူတွေဘက်က ရပ်တည်သွားမယ်လို့ အရင်က ကတိပြုဖူးတာတွေကို တည်မြဲအောင် ထိန်းထားသင့်ကြောင်းနဲ့ ထိထိရောက်ရောက် အရေးယူပေးသင့်ကြောင်း ထည့်သွင်းရေးသား ထားပါတယ်။
တကယ်လို့သာ ဂျပန်အစိုးရအနေနဲ့ MEC ကို ပေးချေမှုတွေ ရပ်တန့်လိုက်ပါက မြန်မာစစ်အစိုးရက ကျူးလွန်နေတဲ့ လူမဆန်၊ မညှာတာတဲ့ ရာဇဝတ်မှုတွေ ရပ်တန့်သွားမှာဖြစ်သလို စစ်အာဏာရှင်တွေနဲ့ စစ်တပ်ပိုင် လုပ်ငန်းကြီးတွေကို စီးပွားရေးအရ ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ပြီး အရင်က ပေးခဲ့တဲ့ ကတိကဝတ်တွေကို အကောင်အထည် ဖော်ကာ လူသားဆန်မှုပြသင့်တယ်လို့ Human Right Watch က ထုတ်ပြန်လိုက်ပါတယ်။
Connect Burma
The Tanintharyi Times
