ရွာဟေ့လူရွာအနီး အလောင်းရှစ်လောင်းကို ကော်သူးလေတပ်မတော်က သတ်ခဲ့တာမဟုတ်ဘူးလို့ တုံ့ပြန်

ရွာဟေ့လူရွာအနီး အလောင်းရှစ်လောင်းကို ကော်သူးလေတပ်မတော်က သတ်ခဲ့တာမဟုတ်ဘူးလို့ တုံ့ပြန်

ဓာတ်ပုံ - အလောင်း ရှစ်လောင်းတွေ့ရှိခဲ့တဲ့နေရာ။

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်မှာ အသတ်ခံရပြီး လမ်းနံဘေးစွန့်ပစ်ခံခဲ့ရတဲ့ အလောင်းရှစ်လောင်းကို ကော်သူးလေတပ်မတော်က သတ်ဖြတ်ခဲ့တာမဟုတ်ဘူးလို့ ဗဟိုဌာနချုပ်က မနေ့ကထုတ်ပြန်လိုက်ပါတယ်။

ဘုတ်ပြင်းမြို့နယ်၊ ရွာဟေ့လူရွာအနီးမှာ အမျိုးသားအလောင်း ရှစ်လောင်းကို ဇန်နဝါရီလ ၁၅ ရက်က တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ရွာဟေ့လူရွာသားအများစုနဲ့ အေးချမ်းသာရွာသားတွေပါဝင်တဲ့အဲဒီအလောင်းတွေကို ကော်သူးလေတပ်မတော်(KTLA) က သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီတပ်ရဲ့ဝါဒါဖြန့်လူမှုကွန်ရက်စာမျက်နှာတွေကဖော်ပြခဲ့ကြသလို ကရင်တိုင်းရင်းသားသတင်းတွေကိုဖော်ပြနေတဲ့ Kwe Ka Lu News ကလည်းဖော်ပြခဲ့ပါတယ်။

အဲဒီထုတ်ပြန်ဖော်ပြချက်တွေနဲ့ပတ်သက်လို့ ကော်သူးလေတပ်မတော် ဗဟိုဌာနချုပ်က ထုတ်ပြန်ချက်ထုတ်ပြီးငြင်းဆိုလိုက်တာပါ။

အခင်းဖြစ်ပွားရာနေရာဟာ ကော်သူးလေတပ်မတော်ရဲ့ တပ်ရင်းတပ်ဖွဲ့တွေလှုပ်ရှားမှုမရှိတဲ့နယ်မြေဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

သတ်ဖြတ်ခံရပြီးလမ်းဘေးစွန့်ပစ်ခံထားရတဲ့အလောင်း ၈ လောင်းကို ဘယ်သူကသတ်ဖြတ်ခဲ့တယ်ဆိုတာနဲ့ပက်သက်ပြီး ဘုတ်ပြင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အပါအဝင် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဒီကနေ့အထိ အတည်မပြုနိုင်သေးပါဘူး။

The Tanintharyi Times