ဖရိုဘဲလ် (ကင်းဒါးဂါးဒန်း၊ ကလေးဥယျာဉ်)

ဖရိုဘဲလ် (ကင်းဒါးဂါးဒန်း၊ ကလေးဥယျာဉ်)

ပညာအတွေး၊ ဒဿနအမြင် (၅)

အပိုင်း (၂)

ဖရိုဘဲလ်၏အဆိုအရ သင်ကြားပေးခြင်းသည် ပညာရေးအစစ်မဟုတ်ပေ။ ကလေးငယ်၏သဘာဝ စိတ်ဝင်စားမှုနှင့် အလိုအလျောက် လုပ်ကိုင်မှုသည်သာ ပညာရေးဖြစ်သည်။

ကလေးငယ်တို့၏ ဗီဇသဘောသည် သင်ကြား ပေးမှုများအား လက်ခံခြင်းထက် မိမိဘာသာ တီထွင်ဖန်တီးမှု၌ ပို၍ အလေး သာလေသည်။ (Creative rather than receptive) တစ်နည်းအားဖြင့်ဆိုသော် ပညာရေးသည် တီထွင်ဖန်တီးမှုလမ်းစဉ် ဖြစ်သည်။ ယင်းကို ကလေးငယ်ဘဝမှစတင်ပြီး ဖွံ့ဖြိုးစေရပါမည်။ ဖရိုဘဲလ်က ကလေးငယ်တို့တွင် တီထွင်ဖန်တီးနိုင်သော ဗီဇအစွမ်း ကိုယ်စီရှိသည်ဟု ဆို ပါသည်။ ယင်းဗီဇစွမ်းအားသည် စိတ်ပါဝင်စားမှု တစ်စုံတစ်ရာတွေ့ထိ နိုးကြားလာပြီး တီထွင်ဖန်တီးခြင်းအမှုကို ပြုလုပ်တတ်လေသည်။

ဘောလုံးကလေးများ (လုံးဝန်းသောအရာများ)၊ သစ်သားအစာတုံးများ၊ ပြွန်ချောင်းကလေးများသည် သင့်လျော်သော ပညာရေးအထောက်အကူ ကစားစရာများဖြစ်သည်။ ဘောလုံးကလေးများကို ကစားခြင်းဖြင့် ယင်းတို့၏ လှုပ်ရှားမှုသဘောကို နားလည်လာမည်။ သစ်သားတုံးကလေးများ၏ ရုပ်တည်မှုနှင့် တည်ဆောက်မှုသဘော၊ ပြွန်ချောင်းကလေးများ၏ လှည့်ပတ်မှုနှင့် အံဝင်ခွင်ကျဖြစ်မှုသဘောတို့ကို စမ်းသပ်ကစားရင်းဖြင့် အလိုအလျောက် နားလည်လာပါလိမ့်မည်။ သည့်ပြင် ကိုယ်၊ စိတ်၊ နှလုံးသုံးပါးစလုံး ဖွံ့ဖြိုးစေရန်အတွက် ကစားနည်းများအပြင် ဂီတ၊ ပုံဆွဲ၊ တေးသီချင်းများကိုလည်း ပြုလုပ်စေရပါမည်။

ဖရိုဘဲလ်က ကလေးငယ်များအဖို့ လွတ်လွတ်လပ်လပ်ကစားရင်း တီထွင်ဖန်တီးနိုင်ရန် ကင်းဒါးဂါးဒန်းကဲ့သို့သော ပညာရေးဝန်းကျင်ကို တည်ဆောက် ပေးရမည်ဟု ဆိုပါသည်။ ကင်းဒါးဂါးဒန်းသည် ဂျာမန်ဘာသာအားဖြင့် ကလေးဥယျာဉ်ဟု အဓိပ္ပာယ်ရလေသည်။ ဖရိုဘဲလ်က စာသင်ကျောင်းကို ပန်းဥယျာဉ်ဖြင့် ဥပမာထားပြီး ကလေးငယ်များကို ပန်းကလေးများနှင့် ဥပမာပေးထားပါသည်။ ဆရာများမှာ ဥယျာဉ်မှူးများ ဖြစ်ကြလေသည်။ သဘောမှာ ပန်းကလေးများ၏ ဗီဇစွမ်းရည်များ ဖွံ့ဖြိုးပွင့်လန်းလာစေရန် ဥယျာဉ်မှူး ကောင်းများက မြေတောင်မြှောက်ပေးရန်ဖြစ်သည်။ ဥယျာဉ်မှူးများသည် ပန်းပင်ကလေးများကို ကိုက်ဖြတ်ပုံသွင်းရန် မလိုပေ။ ပေါင်းမြက်များနှင့် အဖျက်ပိုးမွှားများ၏ ဖျက်ဆီးမှုမှ ကာကွယ်ပေးရန်သာ ဖြစ်သည်။ ဆရာများ၏ တာဝန်မှာလည်း ယင်းကဲ့သို့ စောင့်ရှောက်၍ လမ်းဖွင့်ပေးရန်သာ ဖြစ်သည်။

ဖရိုဘဲလ်သည် ရူးဆိုးထံမှ ကလေးငယ်၏ ဗီဇသဘာဝအလျှောက် ဖွံ့ဖြိုးစေခြင်းအပြင် “ပညာရေးသည် လူသား၏ အတွင်းပိုင်းသဘာဝနှင့် စွမ်းအင်သတ္တိများ တိုးပွားလာစေခြင်းဖြစ်၍ ပြင်ပမှ စုဆောင်းရှာဖွေခြင်းမျိုး မဟုတ်၊ အတွင်းသဘာဝ စိတ်ပါဝင်စားခြင်း၊ တိမ်းညွှတ်ခြင်း စွမ်းရည်များကြောင့်သာလျှင် အသိပညာတိုးပွားစေလိမ့်မည်”ဟူသော အယူအဆများကို လက်ဆင့်ကမ်းခဲ့သည်။

ဖရိုဘဲလ်သည် ကလေးငယ်တို့၏သဘာဝကို စေ့ငုံစွာ လေ့လာခဲ့ဖူးသူ ဖြစ်၍ ကလေးပညာရေး၏အခြေခံမှာ ကစားခြင်းနှင့် အလိုအလျောက် သင်ယူခြင်းဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ ကလေးက စိတ်ပါဝင်စား၍ သူ့ဘာသာ လှုပ်ရှားဆောင်ရွက်မှုသည်သာ ပညာရေးရည်မှန်းချက်ဖြစ်သော ဖွံ့ဖြိုးတိုးတက်မှုကို ပေးနိုင်သည်။ လှုပ်ရှားကစားခြင်းသည် ကလေးငယ်တို့အတွက် ထကြွ လုံ့လနှင့် ထိုးထွင်းဉာဏ်ကို ရင့်သန်စေသည်။ စိတ်ဖွံ့ဖြိုးမှု၊ အကျင့်စရိုက်နှင့် ဉာဏ်ရည်ဉာဏ်သွေးကိုလည်း ဖွံ့ဖြိုးစေသည်။ လူမှုဆက်ဆံရေး အဝန်းကိုလည်း ဖြစ်ထွန်းစေသည်ဟု ဆိုပါသည်။

စာသင်ကျောင်းသည် ဘဝနှင့်ပတ်သက်၍ သင်ကြားပေးရာ၊ သင်ယူမှုပြုရာဖြစ်သည်သာမက တကယ်ပင် နေထိုင်လုပ်ကိုင်သွားလာရာ နေရာဖြစ်သည်။ သင်ယူမှုဟုသည်လည်း ကလေးစိတ်ပါဝင်စားမှုအလျောက် စိတ်လွတ် ကိုယ်လွတ် လှုပ်ရှားဖန်တီးမှသာ ရရှိနိုင်မည်ဟု ဆိုပါသည်။ စာသင်ကျောင်းသည် ကလေးအဖို့ မိမိကိုယ်ကိုယ်တွေ့ ရှိသည့်နေရာ၊ မိမိကိုယ်ရည်ကိုယ်သွေးကို ဖွံ့ဖြိုးစေသည့်နေရာ၊ မိမိ၏ တီထွင်ဖန်တီးမှုကို တိုးတက်စေသည့်နေရာ ဖြစ် နေရပါမည်ဟု ဆိုပါသည်။

ဤအကျိုးထူးများကို ကလေးငယ်သည် အခြားသူငယ်ချင်း ကလေးများနှင့်အတူ ပူးပေါင်းဆောင်ရွက်မှသာလျှင် ရရှိနိုင်ပါသည်။ ကင်းဒါးဂါးဒန်းသည် ကမ္ဘာငယ်လေးတစ်ခုဖြစ်သည်။ ထိုကမ္ဘာငယ်လေးထဲတွင် ကလေးငယ်များသည် အားလုံး၏တာဝန်ကို အားလုံးက ဝိုင်း၍ ထမ်းဆောင်ကြသည်။ အားလုံး၏ အခွင့်အရေးကို အားလုံးက လေးစားကြရမည်။ အလိုအလျောက် စေတနာဖြင့် ဝိုင်းဝန်းကူညီကြရမည်။ သို့ဖြစ်၍ စာသင်ကျောင်းကလေးသည် လူမှုအဖွဲ့အစည်း အသေးစားကလေး ဖြစ်လာစေသည်ဟု ဖရိုဘဲလ်က တင်ပြသည်။

ဖရိုဘဲလ်၏ ပညာရေးကျင့်ထုံးကိုကြည့်ပြီး အချို့က ပညာရေးဆိုသည်မှာ ကစားခြင်းသာဖြစ်သည်ဟု လွဲမှားစွာ ကောက်ချက်ဆွဲတတ်ကြသည်။ အမှန် ကစားခြင်းသည် ပညာရေးပန်းတိုင်မဟုတ်၊ နည်းလမ်းသာဖြစ်သည်။

ကလေးငယ်ဘဝအတွင်း လုံလောက်သော ကိုယ်စိတ်ဖွံ့ဖြိုးမှု၊ အသိဉာဏ် ပညာ၊ မိမိကိုယ်ကို ယုံကြည်မှု၊ တီထွင်ဖန်တီးမှုနှင့် လူမှုဆက်ဆံရေး အဝန်းအဝိုင်း ဖြစ်ထွန်းတိုးတက်လာစေရန် ဗီဇသဘာဝ စိတ်ပါဝင်စားမှုအတိုင်း လှုပ်ရှား သင်ယူစေခြင်းသာ ဖြစ်ပါသည်။ မျက်မှောက်ခေတ်ပိုင်းတွင်မူ ဖရို ဘဲလ်၏ ကစားရင်း ပညာသင်ကြားရေးစနစ်မှာ များစွာ အောင်မြင်ထွန်းကားလျက် ရှိပေသည်။

အချုပ်ဆိုရသော် ဖရိုဘဲလ်၏ ကလေးအခြေပြု ပညာရေးနှင့် ကစားရင်း ပညာရေးနည်းထုံးမှာ မျက်မှောက်ခေတ် ပညာရေးဟန်ပန်တွင် တန်ဖိုးကြီးမားစွာ သက်ရောက်ခဲ့ပါသည်။ သူသည် “ပညာရေးဟူသည် တန်ဖိုးသွတ်သွင်းခြင်း မဟုတ်၊ လွတ်လပ်စွာ တီထွင်ဖန်တီးခြင်းသာဖြစ်သည်” ဟူ၍လည်း ခေတ်သစ် ပညာရေးအတွေးအခေါ် အလှည့်အပြောင်းကို ဖြစ်ပေါ်စေခဲ့သည်။ မှန်ပါသည်၊ အပင်ငယ်များအား ပျိုးထောင်ခြင်းဖြင့် ပွင့်လန်းစေရမည့်နည်းတူ လူသားကိုလည်း ပညာရေးဖြင့် မြှင့်တင်ပေးရပါမည်။ သို့ရာတွင် လူသားအား ပညာပေးရာတွင် ဘွန်ဆိုင်းကားလ်ချား(Bonsai Culture)မဖြစ်စေရန် သတိပြုနေရမည် ဖြစ်ပါသည်။

Ref:

Robert R.Rusk;

The Doctrines of the Great Educators Macmillan, London, 1924

Willian Boyd;

The History of Western Education J.W Arrowsmith-Bristol, GB (1957)

S.J Curtic and M.E.A Bouttwood; A Short History of Educational Ideas University Tutorial Press Ltd, London; 1975

ပညာရေးတက္ကသိုလ်

ပညာရေးအတွေးအခေါ်နှင့် လက်တွေ့ကျင့်သုံးမှု

(ဆောင်းပါးရှင် သူရိန်ထက်လင်း ရေးသားထားပြီး ရန်ကုန်လမ်းမများစာပေက ထုတ်ဝေထားတဲ့ “ပညာရေးအတွေး၊ ဒဿနအမြင်” စာအုပ်ပါ အကြောင်းအရာတွေကို တနင်္သာရီတိုင်းမ် စာဖတ်သူတွေအတွက် ပြန်လည်ဖော်ပြထားတာ ဖြစ်ပါတယ်။)

ဆောင်းပါးရှင် သူရိန်ထက်လင်းရဲ့ ဖော်ပြပြီးခဲ့တဲ့ ဆောင်းပါးများ

၁။ ပလေတို (စံပြပညာရေး) – အပိုင်း (၁)၊ ပညာရေးအတွေး၊ ဒဿနအမြင် (၁) >>> https://www.tntynews.com/25/10/2023/28308/

၂။ ပလေတို (စံပြပညာရေး) – အပိုင်း (၂)၊ ပညာရေးအတွေး၊ ဒဿနအမြင် (၁) >>> https://www.tntynews.com/26/10/2023/28376/

၃။အရစ္စတိုတယ် (နိုင်ငံသားပညာရေး) – အပိုင်း(၁)၊ ပညာရေးအတွေး၊ ဒဿနအမြင် ( ၂ ) >>> https://www.tntynews.com/01/11/2023/28767/

၄။အရစ္စတိုတယ် (နိုင်ငံသားပညာရေး) – အပိုင်း(၂)၊ ပညာရေးအတွေး၊ ဒဿနအမြင် ( ၂ ) >>> https://www.tntynews.com/02/11/2023/28855/

၅။ ဂျွန်လော့ခ်(စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ) – အပိုင်း (၁)၊ ပညာရေး အတွေး၊ ဒဿန အမြင် (၃) >>> https://www.tntynews.com/08/11/2023/29224/

၆။ ဂျွန်လော့ခ်(စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ) – အပိုင်း (၂)၊ ပညာရေး အတွေး၊ ဒဿန အမြင် (၃) >>> https://www.tntynews.com/09/11/2023/29294/

၇။ ရူးဆိုး (သဘာဝပညာရေး)- အပိုင်း (၁)၊ ပညာရေး အတွေး၊ ဒဿန အမြင် (၄) >>> https://www.tntynews.com/15/11/2023/29589/

၈။ ရူးဆိုး (သဘာဝပညာရေး)- အပိုင်း (၂)၊ ပညာရေး အတွေး၊ ဒဿန အမြင် (၄) >>> https://www.tntynews.com/16/11/2023/29642/

၉။ဖရိုဘဲလ် (ကင်းဒါးဂါးဒန်း၊ ကလေးဥယျာဉ်) – အပိုင်း (၁)၊ ပညာရေးအတွေး၊ ဒဿနအမြင် (၅) >>> https://www.tntynews.com/22/11/2023/29941/

သူရိန်ထက်လင်း

The Tanintharyi Times