စစ်ကောင်စီတပ်သားတွေ ပြည်သူနဲ့အမြန်ဆုံးပူး‌ပေါင်းဖို့ ပုလောမြို့ထွေအုပ်ရုံးကို PRDF မှ ဒရုန်းနဲ့ တိုက်ခိုက်သတိပေး

စစ်ကောင်စီတပ်သားတွေ ပြည်သူနဲ့အမြန်ဆုံးပူး‌ပေါင်းဖို့ ပုလောမြို့ထွေအုပ်ရုံးကို PRDF မှ ဒရုန်းနဲ့ တိုက်ခိုက်သတိပေး

ပုံစာ - ဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့ ပုလောမြို့အထွေထွေအုပ်ချုပ်ရေးရုံးကို အပေါ်စီးမှမြင်ရစဉ် ဓာတ်ပုံ - PRDF

ပုလောမြို့နယ်က စစ်ကောင်စီတပ်သားတွေအနေနဲ့ ပြည်သူတွေနဲ့ အမြန်ဆုံးပူးပေါင်းပြီး အလင်းဝင်ဖို့အတွက်ကို ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ PRDF က ပုလောမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးကို ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်ပြီး သတိပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်ရက်က ည ၉ နာရီဝန်းကျင်မှာ အထွေထွေအုပ်ချုပ်ရေးရုံးက အရပ်သားပြည်သူတွေမရှိနိုင်တဲ့အချိန်ကို ရွေးချယ်ပြီး တိုက်ခိုက်ခဲ့တာလို့ PRDF ရဲ့ ဒုတာဝန်ခံ ကိုဖိုးစံက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

” ထွေအုပ်ရုံးကိုရွေးတာကတော့ ဒီနေရာက ပုလောမြို့ရဲ့ အချက်အချာကျတဲ့နေရာဖြစ်ပြီး လုံခြုံရေးတင်းကြပ်တဲ့နေရာဖြစ်တယ်။ အဲ့လိုနေရာထိတောင် ကျနော်တို့သွားနိုင်တယ်ဆိုတာကိုပြပြီး သတိပေးချင်တာလည်းပါတယ်” လို့ ဒုတာဝန်ခံက ပြောပါတယ်။

အခုလပိုင်းမှာ မြန်မာပြည်အထက်ပိုင်းနဲ့ ရှမ်းမြောက်ကတိုက်ပွဲတွေကြောင့် ပုလောဒေသက စစ်ကောင်စီတပ်သားတွေဟာ စိတ်ဓါတ် ပျက်ပြားမှုတွေရှိနေတဲ့အချိန်ကိုကိုက်ပြီးပြည်သူနဲ့အမြန်ဆုံး ပူးပေါင်းဖို့ သတိပေးလိုက်ခြင်းဖြစ်တယ်လို့လည်း ၎င်းကပြောပါတယ်။

ပုလောမြို့အထွေထွေအုပ်ချုပ်ရေးရုံးဟာ မြို့တော်ခန်းမဘေးမှာရှိသလို ပြည်ထောင်စုကားလမ်းမကြီးပေါ်မှာလည်း တည်ရှိတဲ့အဆောက်အအုံဖြစ်ပါတယ်။

ပုလောမြို့က စစ်ကောင်စီတပ်သားတွေဟာ ပုလောမြို့တမြို့လုံးကို တပ်ဖြန့်တပ်စွဲလေ့ရှိပြီး ပုလောအရှေ့ကျောင်းတောင်ပေါ်၊ ဘုရားကွင်း၊ ဘော်လုံးကွင်း၊ တံတားဂိတ်များ၊ မီးသတ်ရုံးနဲ့ မြို့တော်ခန်းမတွေမှာ တပ်စွဲထားကြတယ်လို့သိရပါတယ်။

ဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်ပြီးနောက်မှာတော့ တမြို့လုံးအနှံ့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက သေနတ်တွေနဲ့ ဘေးပတ်ဝန်းကျင်နေရာအနှံ့ကို ပြန်လည်ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ရဲဘော်တွေနဲ့ ဒေသခံပြည်အချို့ဆီက သိရပါတယ်။

” မိုးပေါ်ထောင်ပစ်တာလည်းရှိသလို နဘေးတွေကို ရမ်းသမ်းပစ်တာတွေလည်းရှိတယ်။ အချို့အိမ်တွေမှာဆို ကျည်မှန်ပြီး နံရံတွေမှာ ကျည်ပေါက်သွားတာတွေလည်းရှိတယ်။

လူထိခိုက်တာတော့ မရှိဘူး” လို့ ပုလောမြို့ခံတစ်ဦးက ပြောပါတယ်။

PRDF အနေနဲ့ အဆိုပါဒရုန်းမစ်ရှင်ကို အစီအစဉ်ဆွဲနေသည်မှာ ကြာခဲ့ပြီဖြစ်ပြီး ပြီးခဲ့တဲ့ဇွန်လမှာပြုလုပ်ခဲ့တဲ့ ဝေဟင်တိုက်စစ်ဒရုန်းပရော့ဂျက် ပြီးကတည်းက ပြင်ဆင်ခဲ့တာလို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ဒရုန်းပရော့ဂျက်ကို ဇွန်လ ၁ ရက်နေ့ကနေ ဇူလိုင်လ ၅ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး ရည်မှန်းတဲ့ ပစ်မှတ်လည်း ပြည့်မှီခဲ့တယ်လို့သိရပါတယ်။

အခုလပိုင်းထဲမှာပဲ ပြည်သူ့ရင်ခွင်ခိုလှုံဖို့အတွက် ချိတ်ဆက်နေသူတွေအများအပြားရှိလာတယ်လို့လည်း PRDF ဒုတာဝန်ခံကိုဖိုးစံကပြောပါတယ်။

ပုလောဒေသမှာ အခုလ ၁၉ ရက်နေ့က ရန်ကုန်တိုင်း၊ သန်လျင်မြို့အခြေစိုက် လွန်းကျင်းဌာန၊ ရေတပ်သင်္ဘောဌာနချုပ် (သီလဝါ) က တပ်ကြပ်ကြီးတစ်ဦးလည်း မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်းကို အလင်းဝင်လာခဲ့တာ ရှိပါတယ်။

အာဏာသိမ်းပြီး ၃ နှစ်တာကာလအတွင်း NUG အစိုးရနဲ့ တရားဝင်ချိတ်ဆက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံခဲ့တဲ့ စစ်ကောင်စီတပ်သားအရေအတွက်က တနင်္သာရီတိုင်းမှာ ၆၀ ခန့်၊ ရဲအရေအတွက်က ၁၈၀ ဝန်းကျင်၊ စုစုပေါင်း ၂၄၀ ဝန်းကျင်ရှိပြီဖြစ်ပါတယ်။

The Tanintharyi Times