တို့ယာမြေ (မောင်ထွန်းသူ)

တို့ယာမြေ (မောင်ထွန်းသူ)

အခြေအနေ အချိန်အခါအလျောက် ပြောင်းလဲရှင်သန်နိုင်စွမ်းက လူသားတွေရဲ့ ပင်ကိုယ်ဗီဇလို့ ဆိုကြတယ်။ ပြောင်းလဲနေတဲ့ အခြေအနေ အပေါ်မှာ လိုက်လျောညီထွေဖြစ်အောင် နေနိုင်တဲ့ လူတွေက ပိုပြီးရှင်သန်ကျန်ရစ် စမြဲပါတဲ့။

ဒါပေမယ့် တချို့လူတွေဟာ အသက်ရှင်သန်ကျန်ရစ်ရေးထက် ပိုတန်ဖိုးထားရတဲ့၊ ပိုသံယောဇဉ်တွယ်ရတဲ့ အရာတွေ ရှိနေပြန်ပါရော။ ကိုယ်စွဲလမ်း တန်ဖိုးထားတဲ့ အရာဆီမှာ ကုပ်ကပ်ဖက်တွယ်ရင်း ဘဝကို အဆုံးခံလိုက်တဲ့ လူသားတွေလည်း ရှိနေပြန်တယ်။

တချို့လူတွေရဲ့ အစွဲအလမ်းဟာ ကြောက်စရာလည်း ကောင်းသလို၊ အံ့သြစရာလည်း ကောင်းလှပါတယ်။

၁၉၃၀ ပြည့်လွန်နှစ်တွေတုန်းကပါ။ “ဂျီတာလက်စတာ” ဆိုတဲ့လူဟာ အမေရိကန်ပြည်တောင်ပိုင်း ကျေးလက်က ယာသမားတစ်ယောက်ပေါ့။ သူ့မိဘတွေပိုင်တဲ့ ယာမြေပေါ်မှာ ဝါစိုက်တဲ့အလုပ်နဲ့ပဲ သူ့ဘဝကို စခဲ့ရသူ။

သူငယ်ငယ်တုန်းကတော့ ဖြူလွှလွှ ဝါဂွမ်းတွေကို ထုတ်ပေးတဲ့ ဝါပင်တွေဟာ သူတို့မိသားစုဘဝကို ဝမ်းဝခါးလှအောင် ဖြည့်ဆည်းပေးခဲ့တယ်။

သူလူ့လောကထဲ မရောက်ခင် နှစ်ပေါင်းများစွာတုန်းကတော့ ဒီယာမြေပေါ်မှာ သူ့ဘိုးဘေးဘီဘင်တွေက ဆေးရွက်ကြီးပင်တွေ စိုက်ပျိုးခဲ့ကြသတဲ့။ ဆေးရွက်ကြီးစိုက်ရင်း နှစ်တွေကြာလာတော့ မြေဆီသြဇာတွေ ခမ်းခြောက်လာပြီး ဆေးရွက်ကြီးအစား ဖြစ်ထွန်းလွယ်တဲ့ ဝါကို ပြောင်းလဲစိုက်ပျိုးခဲ့ကြတယ်။

ဘယ်အချိန်ကတည်းက ဆေးရွက်ကြီးကနေ ဝါစိုက်ပျိုးရေး ဖြစ်သွားတယ်ဆိုတာ “ဂျီတာ” မသိပေမယ့် သူမှတ်မိစ အရွယ်ကတည်းက သူတို့ဒေသတစ်ကြောလုံးမှာ ဝါစိုက်ခင်းတွေနဲ့ ပြည့်နှက်နေပါပြီ။

ဝါတွေ စိုက်ကြပျိုးကြရင်းက မြေဆီလွှာပြုန်းတီးတဲ့ဒဏ်၊ ရာသီဥတု ဖောက်ပြန်တဲ့ဒဏ်ကြောင့် ထင်သလောက်မဖြစ်ထွန်း၊ အကြွေးတွေနစ်နဲ့ သူ့မိဘပိုင်တဲ့ ယာမြေကို မြို့ကသူဋ္ဌေးတစ်ယောက်ဆီ ရောင်းချလိုက်ရတယ်။ သူလည်း ယာပိုင်ရှင်ဘဝကနေ သူဋ္ဌေးရဲ့ သူရင်းငှားဘဝကို လျှောကျသွားခဲ့တယ်။

အလုပ်သမားဘဝ ရောက်သွားခဲ့ပေမယ့် ယာမြေကိုချစ်တဲ့စိတ်ဟာ လျော့မသွားခဲ့ပါဘူး။ ယခင်ပိုင်ရှင်ဘဝတုန်းကအတိုင်း သူ့ယာမြေကို လုံ့လဝီရိယနဲ့ ထွန်ယက်စိုက်ပျိုးလျက်ပါပဲ။

ဘယ်လိုကြိုးစား ကြိုးစား သူရင်းငှားဘဝမှာ သူခြေကုပ်မမြဲခဲ့ဘူး။ သူဋ္ဌေးက စိုက်လို့ပျိုးလို့ မကောင်းတော့တဲ့ ယာမြေကိုပစ်လိုက်တော့ သူတို့မိသားစုလည်း အလုပ်လက်မဲ့ ဖြစ်သွားတော့တယ်။

စက်မှုလုပ်ငန်းထွန်းကားလာတဲ့ အမေရိကန်ပြည်ထောင်စုကြီးဟာ စက်ရုံ အလုပ်ရုံ တည်ထောင်သူတွေ တစ်နေ့တစ်ခြား ပိုများလာခဲ့တယ်။ သူဋ္ဌေးကြီးတွေဟာ မြေဆီလွှာ ပျက်ဆီးနေတဲ့ ယာမြေကနေ ကုန်ထုတ်စက်ရုံတွေမှာ ရင်းနှီးမြှုပ်နှံတဲ့ဘဝကို ပြောင်းရွှေ့ကုန်ကြတော့တယ်။

မြေဆီမြေနှစ် ပျက်သုဉ်းကုန်းခမ်းသွားလို့ ဝါစိုက်လို့မရတော့တဲ့ မြေကိုပစ်ပြီး အသက်ရှင်ရပ်တည်ဖို့အတွက် ယာသမားတော်တော်များများ စက်ရုံအလုပ်သမားဘဝအဖြစ် ပြောင်းလဲခံယူလိုက်ရတယ်။

ဒါပေမယ့် “ဂျီတာ” တစ်ယောက်ကတော့ ဖုန်းဆိုးမြေ ဖြစ်ကျန်ခဲ့တဲ့ ယာမြေကိုပစ်ပြီး စက်ရုံလုပ်သားဘဝအဖြစ် ပြောင်းလဲဖို့ ဘယ်တော့မှ စိတ်ကူးသူမဟုတ်။

ဒီမြေပေါ်မှာ ဝါစိုက်ဖို့ အမျိုးမျိုး ကြိုးစားကြည့်တယ်။ “မှန်းချက်နဲ့နှမ်းထွက် မကိုက်” လို့ ကြွေးတွေ နစ်သည်ထက် နစ်လာခဲ့တယ်။

ကြွေးတွေများလွန်းလို့ ဘယ်သူကမှ သူ့ကိုကြွေးမပေးကြတော့။ မိသားစုမှာ အငတ်ငတ်အပြတ်ပြတ် ဖြစ်လာလို့ သားသမီးတော်တော်များများက မြို့က စက်ရုံတွေဆီ ထွက်ပြေးသွားကုန်ကြပြီ။

အခုတော့ မြေသြဇာမဝယ်နိုင်၊ မျိုးစေ့မဝယ်နိုင်လို့ ဘာဝါပင်မှ မစိုက်ဖြစ်တော့တာ အတော်ကြာခဲ့ပြီ။ ဒါပေမယ့် “ဂျီတာ” ကတော့ ဒီမြေပေါ်မှာ ထွားကျိုင်းတဲ့ ဝါပင်တွေ အစီအရီပေါက်လာ၊ ဝါသီးတွေသီး၊ ဝါပွင့်တွေ ဖွေးဖွေလှုပ် ပွင့်လာမယ်လို့ အခုအချိန်ထိ ယုံကြည်နေဆဲ။

ဝါစိုက်ချိန် နွေဦးပေါက်ရောက်လာရင် ယာခင်းတွေကို မီးရှို့ထားတဲ့ အနံ့နဲ့ သူ့စိတ်တွေ ဂယောက်ဂယက်ဖြစ်မြဲ။ မျိုးစေ့ဘယ်မှာဝယ်၊ ထွန်ယက်ဖို့ လားဘယ်မှာငှား၊ ဘယ်လိုပျိုး၊ ဘယ်လိုစိုက် စတဲ့ စိတ်ကူးယဉ် အစီအစဉ်တွေ ဆွဲမိမြဲ။

ဘယ်တော့မှ မစဖြစ်တော့တဲ့ သူ့ရဲ့ ဝါစိုက်ပျိုးရေး စီမံကိန်းကြီးကို စွန့်လွှတ်ပြီး မိသားစု ထမင်းမငတ်ဖို့ တခြားသူတွေလို မြို့က စက်ရုံတွေမှာ အလုပ်သွားလုပ်ဖို့ မိတ်ဆွေတွေက တိုက်တွန်းကြတဲ့အခါ စိတ်ဆိုးမိမြဲ။ တူးတူးခါးခါး ငြင်းမိမြဲ။

ဒီလိုနဲ့ ငတ်ပြတ်သထက် ငတ်ပြတ်လာပေမယ့် တစ်ခုသော နွေးဦးပေါက်မှာ ထုံးစံအတိုင်း မျိုးစေ့တောင် မဝယ်နိုင်တဲ့သူက ဝါစိုက်ဖို့ ယာခင်းကို မီးရှို့ပြန်တယ်။

အဲဒီမီးနဲ့ပဲ သူ့ဘဝတစ်ခန်းရပ်ခဲ့ရတယ်။ ဘဝရဲ့နောက်ဆုံးအချိန်ထိ ဒီမြေပေါ်မှာ ဝါပွင့်တွေ ဖွေးဖွေးလှုပ်ပွင့်လာမှာဆိုတဲ့ စိတ်ကူးအိပ်မက်ကို ဖက်တွယ်သွားခဲ့တယ်။

၁၉၃၂ ခုနှစ်မှာ ရေးသားခဲ့တဲ့ “Erskine Caldwell” ရဲ့ “TOBACCO ROAD” ဝတ္ထုကို ဆရာမောင်ထွန်းသူက “တို့ယာမြေ” ဆိုပြီး ဘာသာပြန်ထားတဲ့ ဝတ္ထုတစ်ပုဒ် ဖြစ်ပါတယ်။ ဝတ္ထုဆိုပေမယ့် အဲဒီခေတ်အခါက ယာသမား တောင်သူတွေရဲ့ဘဝ ဖြစ်ရပ်မှန်တွေကို အခြေခံရေးသားထားတာပါ။

မြေကို ချစ်မြတ်နိုးတဲ့၊ မြေအပေါ်မှာ သံယောဇဉ်ကြီးပြီး အလွန်ယုံကြည်စိတ်ချတဲ့ ယာသမားတွေရဲ့ ကြုံတွေ့ရတဲ့ ပြဿနာပေါင်းစုံနဲ့ ဘဝဒုက္ခအဖုံဖုံကို ပီပီပြင်ပြင် ခြယ်မှုန်းထားတဲ့ ဝတ္ထုကောင်းတစ်ပုဒ်အဖြစ် ညွှန်းဆိုလိုက်ပါရစေရှင်။

ငြိမ်းပန်

The Tanintharyi Times