ပုလောဒေသခံတစ်ဆယ်ကျော်ကို မူးယစ်ဆေးဝါးအမှုနဲ့ ပလဖ ဖမ်းဆီး
ပုလောဒေသခံတစ်ဆယ်ကျော်ကို မူးယစ်ဆေးဝါးအမှုနဲ့ ပလဖ ဖမ်းဆီး

ပုလောမြို့နယ်က မူးယစ်ဆေးရောင်းဝယ်သုံးစွဲနေတဲ့အမျိုးသားတချို့ ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာ ပလမြို့ခံ အမျိုးသား ၁၂ ဦး၊ ဇရပ်ဆိပ်ရွာခံအမျိုးသားတစ်ဦးနဲ့ မင်းပြင်ရွာခံ အမျိုးသားတစ်ဦးတို့ကို ပုလောမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အဲဒီအမျိုးသားတွေဟာ အသက် ၁၉ နှစ်၊ ၂၅ နှစ်၊ ၂၈ နှစ်၊ ၃၀ နှစ် အရွယ်တွေဖြစ်ကြပြီး ပြည်သူတွေရဲ့ တိုင်ကြားချက်အရ ဖမ်းဆီးခဲ့ရတာဖြစ်တယ်လို့ ပုလော(ပလဖ)အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“ထိန်းသိမ်းပေးပါအုံးဆိုပြီးလာတိုင်ကြတာ။ တချို့အမှုတွေဆို ဇနီးကတိုင်လို့ယောက်ျားဖြစ်သူကိုဖမ်းပေးရတာလည်းရှိတယ်။ အားလုံးကတော့ ဆေးကြောင်ပြီးဖြစ်တဲ့ လူမှုရေးပြဿနာတွေများတယ်။” လို့ ပုလော(ပလဖ) တာဝန်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့တပတ်အတွင်း အဖမ်းခံခဲ့ရသူအများစုကို ဆေးရှူတဲ့ဆက်စပ်ပစ္စည်းတွေနဲ့တွေ့ခဲ့ရပြီး တချို့ကိုတော့ ဆေးအလုံးရေ တစ်ရာကျော်နဲ့အတူ ဖမ်းနိုင်ခဲ့တယ်လို့ ပုလော(ပလဖ)တာဝန်ရှိသူနဲ့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
“ဇရပ်ဆိပ်ကတစ်ယောက်ဆို ဆေးကြောင်ပြီးလူရိုက်သတ်လိုက်တာ အခု အသက်လုနေရတယ်။ ဆေးသမားတွေရွာထဲမှာ အရမ်းပေါလာပြီ မလုံခြုံတော့ဘူး။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
မူးယစ်ဆေးမှုနဲ့ဖမ်းဆီးထားတဲ့သူတွေကို ပုလောမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့၊ ပုလောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးမှူးအဖွဲ့နဲ့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းတို့က ပူးပေါင်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

လက်ရှိဖမ်းဆီးထားသူတွေကို လူနဲ့အတူဖမ်းဆီးမိတဲ့ WY ဆေးပြားအလုံးရေပေါ်မူတည်ပြီး ပြစ်ဒဏ်ချမှတ်သွားမယ်လို့လည်း ဆိုပါတယ်။
သက်ဆိုင်ရာအဖွဲ့တွေ ပူးပေါင်းချမှတ်ထားတဲ့စည်မျဉ်းအရ WY ဆေးပြားဆယ်လုံးအောက်လက်ဝယ်တွေ့ရင် သုံးစွဲသူလို့သတ်မှတ်ပြီး ထောင်ဒဏ်အများဆုံးသုံးလ၊ ဆယ်လုံးအထက်ဆိုရင် ရောင်းဝယ်ဖောက်ကားနေသူလို့သတ်မှတ်ပြီး ထောင်ဒဏ် ခြောက်လကနေ တစ်နှစ်အထိ၊ အလုံးရေ ၁၀၀ ကနေ ၅၀၀ အထိဆိုရင် ထောင်ဒဏ်ငွေဒဏ်နှစ်မျိုးစလုံးချမှတ်ထားတယ်လို့ ပုလော(ပလဖ)တာဝန်ရှိသူဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကစလို့ အခုလအထိ မူးယစ်ဆေးမှုနဲ့ဖမ်းဆီးခဲ့တဲ့ ပုလောဒေသခံ ၃၀ ထက်မနည်းရှိနေပြီလို့ ပုလော(ပလဖ)ရဲ့ စာရင်းအရ သိရပါတယ်။

The Tanintharyi Times