မြန်မာစစ်တပ်ထံ လေယာဉ်ဆီ ဖြန့်ဖြူးပေးနေသူတွေကို အမေရိကန်က ပိတ်ဆို့အရေးယူ
မြန်မာစစ်တပ်ထံ လေယာဉ်ဆီ ဖြန့်ဖြူးပေးနေသူတွေကို အမေရိကန်က ပိတ်ဆို့အရေးယူ
မြန်မာစစ်တပ်ထံ လေယာဉ်ဆီ တင်ပို့ဖြန့်ဖြူးပေးနေသူ လူပုဂ္ဂိုလ် နှစ်ဦးနဲ့ လုပ်ငန်း သုံးခုကို ပိတ်ဆို့အရေးယူလိုက်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားပိုင်ဆိုင်မှုများထိန်းချုပ်ရေးရုံး OFAC က မနေ့က ထုတ်ပြန်ပါတယ်။
အရေးယူပိတ်ဆို့လိုက်တဲ့ လူပုဂ္ဂိုလ် နှစ်ဦးမှာ Asia Sun လုပ်ငန်းစုက ဒေါ်ခင်ဖြူဝင်းနဲ့ ဦးဇော်မင်းထွန်းတို့ ဖြစ်ပြီး သူတို့ပိုင်ဆိုင်မှု လုပ်ငန်း ၃ ခု ဖြစ်တဲ့ စင်ကာပူအခြေစိုက် Shoon Energy PTE. LTD ၊ PEIA PTE. LTD နဲ့ P.E.I Energy PTE. LTD လုပ်ငန်းတွေကိုပါ အရေးယူလိုက်တာ ဖြစ်ပါတယ်။
မြန်မာစစ်တပ်ဆီကို လေယာဉ်ဆီ တင်ပို့ရောင်းချနေတဲ့ ဘယ်သူမဆို ဘယ်အဖွဲ့အစည်းမဆို ပိတ်ဆို့အရေးယူသွားမယ့် ဆုံးဖြတ်ချက်တရပ်ကို ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ OFAC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာစစ်တပ်ထံကို လေယာဉ်ဆီ တင်ပို့ရောင်းချနေတဲ့ Asia Sun လုပ်ငန်းစုကို ပြီးခဲ့တဲ့ မတ်လက အမေရိကန်က ပိတ်ဆို့အရေးယူခဲ့တာ ဖြစ်ပြီး ၂၀၂၂ အစောပိုင်းကတည်းက ဒေါ်ခင်ဖြူဝင်း၊ ဦးဇော်မင်းထွန်းနဲ့ စင်ကာပူက သူတို့ပိုင်ဆိုင်တဲ့ Shoon Energy ကုမ္ပဏီကို UK က ပိတ်ဆို့အရေးယူထားပြီးသား ဖြစ်ပါတယ်။
အရေးယူခြင်းခံထားရတဲ့ Asia Sun လုပ်ငန်းစု အပါအဝင် ကုမ္ပဏီခွဲပေါင်း ၁၁ ခုကို ပိုင်ရှင်ဖြစ်သူ ဒေါ်ခင်ဖြူဝင်းရဲ့ လွှဲပြောင်းပေးခဲ့ခြင်းကြောင့် လက်ရှိမှာတော့ ဦးဇော်မင်းထွန်းဟာ အဆိုပါ ကုမ္ပဏီခွဲ ၁၁ ရဲ့ ပိုင်ရှင်နဲ့ ဒါရိုက်တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်တပ်အတွက် အရေးကြီးတဲ့နောက်ထပ်ကဏ္ဍတခုကို ပတ်မှတ်ထားဖို့ ကျွန်တော်တို့ရဲ့ ပိတ်ဆို့အရေးယူနိုင်မှု အခွင့်အာဏာကို ချဲ့ထွင်အသုံးပြုခြင်းဖြင့် သူ့နိုင်ငံသားတွေကို ဖိနှိပ်နေတဲ့ စစ်တပ်ရဲ့ အရင်းအမြစ်ဟာ ထပ်ပြီးအင်အားနည်းသွားစေမှာပါလို့ အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ အကြမ်းဖက်မှုနဲ့ ဘဏ္ဍာရေးစုံစမ်းမှုဌာနရဲ့ လက်ထောက်တဦးဖြစ်သူ Brian E. Nelson ပြောပါတယ်။
မြန်မာပြည်သူတွေ လိုလားနေတဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီအတွက် အမေရိကန်ပြည်ထောင်စုက ဆက်ပြီးပံ့ပိုးသွားဖို့ ကတိကဝတ်ပြုပါတယ်လို့ Brian က ပြောခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ စစ်ကိုင်း အပါအဝင် နေရာတော်တော်များများကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလက လူဦးရေ ၁၅၇ ဦး သေဆုံးခဲ့ရတဲ့ ပဇီကြီးကျေးရွာက ဖြစ်စဉ်ဟာ အဆိုးရွားဆုံး လေကြောင်းတိုက်ခိုက်မှု ဖြစ်ပါတယ်။
The Tanintharyi Times
