မြန်မာစစ်တပ်ထံ လက်နက်၊ လေယာဉ်ဆီနဲ့ ငွေကြေးစီးဆင်းမှုတွေ ဖြတ်တောက်ဖို့ ကုလလုံခြုံရေးကောင်စီမှာ ဦးကျော်မိုးထွန်း ပြော

မြန်မာစစ်တပ်ထံ လက်နက်၊ လေယာဉ်ဆီနဲ့ ငွေကြေးစီးဆင်းမှုတွေ ဖြတ်တောက်ဖို့ ကုလလုံခြုံရေးကောင်စီမှာ ဦးကျော်မိုးထွန်း ပြော

ဓာတ်ပုံ - NUG

မြန်မာစစ်တပ်ထံ လက်နက်၊ လေယာဉ်ဆီနဲ့ ငွေကြေးစီးဆင်းနေမှုမရှိစေရေးအတွက် ဖြတ်တောက်ဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလလုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံအရေးကိစ္စအတွက် အခုလ ၂၃ ရက်နေ့မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက တံခါးပိတ် ပြုလုပ်တဲ့ အစည်းအဝေးမှာ ဦးကျော်မိုးထွန်းက အခုလို ပြောလိုက်တာပဲ ဖြစ်ပါတယ်။

မြန်မာစစ်တပ်အနေနဲ့ ဂျက်လေယာဉ်နဲ့ ရဟတ်ယာဉ်တွေကို အသုံးပြုပြီး ပြည်သူတွေ နေထိုင်တဲ့ နေရပ်ဒေသတွေဆီကို လေကြောင်းကနေတဆင့် ဗုံးကြဲတိုက်ခိုက်နေတဲ့ ကိစ္စက မဆင်မခြင်နဲ့ အလွန်အမင်း လုပ်ဆောင်နေတယ်လို့ သူကဆိုပါတယ်။

စစ်ကောင်စီဟာ ပြည်သူတွေအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၁၄၄ ကြိမ်အထိအထိ ကျူးလွန်ခဲ့ပြီး ပြည်သူပေါင်း ၁၆၀၀ နီးပါး သေဆုံးသွားခဲ့သလို စစ်ကိုင်းတိုင်း၊ ပဇီကြီးကျေးရွာက လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်မှာ ကလေးသူငယ် အပါအဝင် အရပ်သားပြည်သူပေါင်း ၁၅၇ ဦး သေဆုံးသွားခဲ့ပါတယ်။

တနိုင်ငံလုံး အတိုင်းအတာနဲ့ လူနေအိမ်ပေါင်း ၇၅၀၀၀ ကျော် မီးရှို့ခံရပြီး လူဦးရေ ၁၈ သန်းဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီ လိုအပ်နေဆဲ ဖြစ်ပါတယ်။

ဦးကျော်မိုးထွန်းက မြန်မာပြည်သူတွေရဲ့ အသက်ကို ကယ်တင်ဖို့ မည်သို့သော အခြေအနေ၊ အကြောင်းအရာကို စောင့်ဆိုင်းနေသလဲဆိုတဲ့ မေးခွန်းကို လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေကို မေးမြန်းခဲ့ပြီး မြန်မာပြည်မှာ ဖြစ်ပွားနေတဲ့ အခင်းအကျင်းဟာ ပြည်တွင်းစစ်မဟုတ်ဘဲ အကြမ်းဖက်နည်းနဲ့ မတရားအာဏာရယူထားတဲ့ အာဏာရှင်စစ်တပ်ကို ခုခံဆန့်ကျင်နေတဲ့ ပြည်သူ့ တော်လှန်ရေးသာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ကုလလုံခြုံရေးကောင်စီ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက စစ်တပ်ထံ လက်နက်၊ လေယာဉ်ဆီနဲ့ ငွေကြေးစီးဆင်းမှုများကို အဓိက ဖြတ်တောက်ခြင်းအားဖြင့် စစ်တပ်ကို ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ချုပ်ငြိမ်းစေမှာ ဖြစ်ကြောင်းနဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အဆိုတွေဟာ ဥပဒေကြောင်းအရ စည်းနှောင်မှုအားရှိပြီး အကျိုးသက်ရောက်မှုရှိတာကြောင့် နောက်ထပ်ဆုံးဖြတ်ချက် အဆိုအသစ်ကို ထပ်မံချမှတ်သင့်တယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

The Tanintharyi Times