ထိုင်း – ကမ္ဘောဒီးယား နယ်စပ်အငြင်းပွဲမှုကနေ ပစ်ခတ်တိုက်ခိုက်မှုတွေ စတင်

ထိုင်း – ကမ္ဘောဒီးယား နယ်စပ်အငြင်းပွဲမှုကနေ ပစ်ခတ်တိုက်ခိုက်မှုတွေ စတင်

Photo - ဂါးဒီးယန်း

လနဲ့ချီကြာ ဖြစ်ပွားနေတဲ့ ထိုင်း – ကမ္ဘောဒီးယား နယ်စပ်အငြင်းပွဲမှုကနေ ကြာသာပတေးနေ့ မနက်ပိုင်းမှာ နှစ်ဖက်အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။

ထိုင်းသတင်းတွေမှာတော့ ကမ္ဘောဒီးယား စစ်တပ်က စတင်ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ စွပ်စွဲထားသလို ကမ္ဘောဒီယား ကာကွယ်ရေး ဝန်ကြီးကလည်း ထိုင်းဘက်က စတင်တိုက်ခိုက်လာတာကြောင့် ခုခံတဲ့ အနေနဲ့ ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။

ကမ္ဘောဒီးယား စစ်တပ်က ပစ်ခတ်လို့ ထိုင်းကလေးငယ်တစ်ဦးနဲ့ အရပ်သားတစ်ဦးသေဆုံးခဲ့ပြီး ငါးဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ရေးသားဖော်ပြနေပါတယ်။

ဒီနေ့ ကြာသာပတေး နေ့ မနက်မှာပဲ ထိုင်း – ကမ္ဘောဒီးယားနယ်စပ် နေရာခြောက်ခုမှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပြီး ထိုင်းစစ်တပ်ဘက်က F – 16 တိုက်လေယာဉ်တွေ နဲ့ ပြန်လည်တိုက်ခိုက် ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ထိုင်းတော်ဝင် လေတပ်က ကမ္ဘောဒီးယားရဲ့ အမှတ် ၈ နဲ့ အမှတ် ၉ စစ်နယ်တွေ F-16 တိုက်လေယာဉ်တွေ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။

ကမ္ဘောဒီးယား ဘက်ကလည်း နယ်စပ်က ပရာစာ့ ခေါင် ဖရာ ဝီဟန် အရပ်နဲ့ ဖာမော်အီဒန်း အရပ်တွေကို `BM21` ဒုံးကျည်တွေအပါအဝင် လက်နက်မျိုးစုံနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နိုင်ငံတကာ သတင်းတွေ ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ကမ္ဘောဒီယား ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေံကြောင့် ဆူရင် ခရိုင်ထဲက ပရာစာ့ သာမြူအန်း မြို့ အခြေစိုက် ထိုင်းစစ်တပ်က တပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရှိတယ်လို့ ပြောပါတယ်။

ကမ္ဘောဒီယား ကာကွယ်ရေးဝန်ကြီးဌာန ဘက်ကတော့ ထိုင်းစစ်တပ်ဟာ နိုင်ငံနှစ်ငံ သဘောတူညီချက်တွေကို ချိုးဖောက်ပြီး လေကြောင်း တိုက်ခိုက်မှုတွေလုပ်ဆောင်ကာ အင်အားအလွန် အကျွံ သုံးနေတယ်လို့ စွပ်စွဲထားပါတယ်။

ထိုင်းစစ်တပ်ဟာ ပစ်ခတ်တိုက်ခိုက်မှုတွေ မဖြစ်ပွားခင်ကတည်း F-16 တိုက်လေယာဉ် ခြောက်စင်းကို ကြိုတင်ပြင်ဆင်ထားခဲ့တာလို့ လည်း စွပ်စွဲထားပါတယ်။

ထိုင်းစစ်တပ်က လက်ရှိအခြေအနေတွေအရ နှစ်နိုင်ငံနယ်စပ်ဂိတ်အားလုံးကို ထိန်းချုပ်လိုက်ပြီး ဖြတ်သန်း သွားလာခွင့် အားလုံးပိတ်လိုက်တယ်လို့ သိရပါတယ်။ ၏

ခမာ ဟိန္ဒူ ဘုရားကျောင်း တာမြူအမ်ထုမ် နယ်မြေပိုင်ဆိုင်မှု နဲ့ပတ်သက်ပြီး နှစ်ပေါင်းများစွာ အငြင်းပွားမှု ဖြစ်ပွားနေတဲ့ ထိုင်းနဲ့ ကမ္ဘောဒီယားတို့ ဟာ ဇူလိုင် လ ၂၄ ရက်နေ့ မှာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု တွေ စတင်လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

ဒီနေ့ မနက်မှာဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေ ကြောင့် ထိုင်းက ကမ္ဘောဒီးယားမှာရှိတဲ့ သူ့သံအမတ်ကို ပြန်ခေါ် လိုက်ပြီး ကမ္ဘောဒီးယားသံအမတ်ကို လည်းနှင်ထုတ်မယ်လို့ ထိုင်းဘက်ကပြောဆိုထားပါတယ်။

ကိုးကား – ဂါးဒီးယန်း ၊ Khaosod ၊ The Nation

(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times