အစ္စရေး နဲ့ အီရန် အပစ်ရပ်ဖို့ သဘောတူပြီလို့ထရမ့်ကလူမှုကွန်ရက်မှာထုတ်ပြန် ၊ အစ္စရေး အပစ်ရပ်မှ ရပ်မယ်လို့ အီရန်ပြော

အစ္စရေး နဲ့ အီရန် အပစ်ရပ်ဖို့ သဘောတူပြီလို့ထရမ့်ကလူမှုကွန်ရက်မှာထုတ်ပြန် ၊ အစ္စရေး အပစ်ရပ်မှ ရပ်မယ်လို့ အီရန်ပြော

လာမယ့် ခြောက်နာရီအတွင်း အစ္စရေး နဲ့ အီရန် အပစ်ရပ်ဖို့ သဘောတူပြီလို့ အမေရိကန် သမ္မတထရမ့်က သူရဲ့ လူမှုကွန်ရက်ကတဆင့် ထုတ်ပြန်ခဲ့ပါတယ်။

၁၂ ရက်ကြာ အစ္စရေး – အီရန် စစ်ပွဲဟာ လာမယ့် ၁၂ နာရီ အတွင်းအဆုံးသတ်ပြီလို့ထရမ့် ကကြေညာခဲ့ပါတယ်။

ဒီအပစ်အခတ်ရပ်စဲရေး ရေရှည်တည်တံ့မယ်လို့ ယုံကြည်ကြောင်းလည်းထရမ့်ရဲ့ ထုတ်ပြန်ကြေညာ ချက်ထဲမှာထည့်သွင်းရေးသားထားပါတယ်။

အီရန် နိုင်ငံခြားရေးဝန်ကြီးကတော့ အစ္စရေးဘက်ကတော့ အပစ်မယ်ဆိုရင် အီရန်ဘက်ကလည်း လေကြောင်း တိုက်ခိုက်မှုတွေကိုရပ်တန့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း ထရမ့်ထုတ်ပြန်တဲ့ အချိန်(အီရန်စံတော်ချိန် မနက်လေးနာရီ) မှာ အီရန်ရဲ့ မြို့တော် တီဟီရန်ဟာ လေကြောင်းတိုက်ခိုက်မှုတွေခံနေရဆဲဖြစ်တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ကပြောကြားခဲ့ပါတယ်။

ထရမ့် ရဲ့ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဒုတိယ သမ္မတ ဂျေဒီ ဗန်ကတော့ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ဟာ အောင်မြင်စွာပြီးဆုံးသွားပြီလို့ Fox News နဲ့ အင်တာဗျူးမှာပြောထားပါတယ်။

“ကျွန်တော်တို့ဟာ အစ္စရေးနဲ့ အီရန်ကြား စစ်ရပ်စဲရေးကိစ္စကို အခုတင်ပဲ အဆုံးသတ်နိုင်ခဲ့ပါပြီ။ ထရမ့် က သူရဲ့ ကြေညာချက်ကို အွန်လိုင်းပေါ်မတင်ခင် နှစ်မိနစ်အလိုမှာ ကျနော်ဖတ်ခဲ့ရပါတယ်။ တင်လိုက်တဲ့ ကြေညာချက်နဲ့ ကျနော်ကို ပေးတာနဲ့ နည်းနည်းလေးကွဲနေပေမယ့်၊ သူတော်တော်ညှိနှိုင်းခဲ့တာကို ကျနော်တို့ တွေ့ခဲ့ရပါတယ်” ဒုတိယ သမ္မတ ဂျေဒီ ဗန်ကပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်လ ၂၂ ရက်နေ့ အမေရိကန်ဟာ အီရန်ရဲ့ နျူးကလီးယား စက်ရုံနယ်မြေသုံးခုကို လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ပြီး အမေရိကန်ကို တုံ့ပြန်တဲ့အနေနဲ့ ကာတာမှာရှိတဲ့ အမေရိကန်လေတပ်အခြေစိုက်စခန်းတစ်ခုကို ဒုံးကျည်တွေနဲ့ မနေ့ကညပိုင်းမှာ ပြန်လည် ပစ်ခတ်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ကာတာရော၊ အမေရိကန်နိုင်ငံသားပါ ထိခိုက်တာမရှိဘူးလို့ ထရမ့်က ပြောပါတယ်။ ပြီးတော့ အဲဒီတိုက်ခိုက်မှုဟာ အားပျော့တယ်လို့ သူက ပြောပြီး မတိုက်ခင် ကြိုသတိပေးတာကို ကျေးဇူးတင်တယ်လို့ ထရမ့်က လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်။

အီရန်တော်လှန်ရေးအစောင့်တပ်(IRGC) ဘက်ကတော့ ကာတာက အမေရိကန်စစ်အခြေစိုက်စခန်းကို တိုက်ခိုက်မှု အောင်မြင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အစ္စရေး က တော့ ဒီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နဲ့ပတ်သက်ပြီး တစုံတရာ ထုတ်ဖော်ပြောကြားထားတာမရှိသေးပါဘူး။

ကိုးကား – CNN, Fox News

( ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times