စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် ကလေးငယ် တစ်ရာကျော် သေဆုံး၊ ဒဏ်ရာရခဲ့
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် ကလေးငယ် တစ်ရာကျော် သေဆုံး၊ ဒဏ်ရာရခဲ့
စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်း(UXO)တွေကြောင့် တနိုင်ငံလုံးမှာ ကလေးငယ် အနည်းဆုံး ၁၁၅ ဦး သေဆုံး၊ ဒဏ်ရာ ရရှိခဲ့တယ်လို့ ယူနီဆက်က ထုတ်ပြန်ပါတယ်။
ယခုနှစ် ဇန်နဝါရီကနေ ဧပြီလအထိ လေးလအတွင်းမှာတင် သေဆုံး၊ ဒဏ်ရာရတဲ့ ကလေးငယ် ၄၇ ဦးအထိ ရှိခဲ့ပါတယ်။ ဒီစာရင်းအရ တစ်လကို ကလေးငယ် ၁၀ ဦးကျော် ထိခိုက်၊ သေဆုံးခဲ့တာပါ။
ယခုလ ၁၉ ရက်နေ့က မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ကန်ရွာမှာ မပေါက်ကွဲသေးတဲ့ ဗုံးသီးကို တွေ့ရှိဆော့ကစားခဲ့တဲ့ ၇ နှစ်အရွယ် ယောကျားလေးနှစ်ဦးဟာ ဗုံးပေါက်ကွဲလို့ အသက်ဆုံးရှုံးခဲ့ရပါတယ်။
အဆိုပါ ဗုံးသီးဟာ ၄၀ မမ ဗုံးသီးဖြစ်ပြီး ဂန့်ဂေါမြို့နယ်ထဲက ကျေးရွာတွေမှာ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက ကျန်ရစ်ခဲ့တာ ဖြစ်နိုင်တယ်လို့ RFA သတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ မြေမြှပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် သေဆုံး၊ ဒဏ်ရာ ရရှိသူတွေရဲ့ သုံးပုံတစ်ပုံကျော်က ကလေးငယ်တွေ ဖြစ်တယ်လို့ ယူနီဆက်က ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ ကလေးငယ်တွေ အသက်ဆုံးရုံးတာနဲ့ ကိုယ်လက်အင်္ဂါချို့တဲ့စေတာမျိုးမဖြစ်စေဖို့အတွက် မြေမြှုပ်မိုင်းအသုံးပြုမှုရပ်တန့်ဖို့နဲ့ ရှိနှင့်ပြီးသား မြေမြှုပ်မိုင်းတွေနဲ့ မပေါက်ကွဲသေးတဲ့ စက်လက်နက်ပစ္စည်းတွေကို ရှင်းလင်းပေးကြဖို့ ယူနီဆက်က မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။
The Tanintharyi Times