ထားဝယ်ကမ်းနားစျေးမှာ ဒူးရင်းသီးသည်အမျိုးသမီး တစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ

ထားဝယ်ကမ်းနားစျေးမှာ ဒူးရင်းသီးသည်အမျိုးသမီး တစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ

Dawei-market
ဓာတ်ပုံ - ထားဝယ်ကမ်းနားစျေး ပုံအဟောင်း

ဒီနေ့မနက် ၉နာရီဝန်းကျင် အချိန်လောက်က ထားဝယ်မြို့၊ ကမ်းနားစျေးမှာ အသက် (၆၀) ကျော်အရွယ် စျေးသည်အမျိုးသမီးတစ်ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ အနီးအနားကစျေးဝယ်သူတွေထံကနေ သိရပါတယ်။

ပစ်သတ်ခံရသူမှာ ဒေါ်ညွန့်လှိုင်ဆိုသူဖြစ်ပြီး ကြက်စာပြင်ရပ်ကွက်မှာ နေထိုင်သူတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။

“သုံးချက်ပစ်တာ ခေါင်းမှာ၂ချက် ရင်ဘက်မှာ ၁ချက်ထိတယ်လို့ကြားတယ်။ နေရာမှာပဲ လဲကျပြီးသေသွားတယ်။ သေနတ်သံကြားတာနဲ့ စျေးထဲကလူတွေပါ အကုန်ထွက်ပြေးကြတာပဲ” လို့ စျေးဝယ်လာသူ အမျိုးသမီးတစ်ဦးကပြောပါတယ်။

သေနတ်ပစ်ခံရပြီး သိပ်မကြာခင်မှာပဲ အရေးပေါ်ကားရောက်လာကာ ဒေါ်ညွန့်လှိုင်ကို တင်ဆောင်သွားတယ်လို့သိရပါတယ်။

ဒေါ်ညွန့်လှိုင်ဟာ ဒူးရင်းသီးပေါ်ချိန်မှာ ဒူးရင်းသီးတွေရောင်းချတတ်ပြီး ကျန်တဲ့အချိန်မှာတော့ ငါးရောင်းတဲ့စျေးသည်တစ်ဦးလို့လည်း သိရပါတယ်။

ထားဝယ်မြို့မှာ လူသွားလူလာများတဲ့ဈေးထဲ သေနတ်နဲ့ ပစ်ခတ်၊ သတ်ဖြတ်မှု ဖြစ်ပွါးတာ ဒါပထမဆုံးအကြိမ် ပါပဲ။ ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့က၊ ဘာကြောင့် လုပ်ဆောင်တယ် ဆိုတာကိုတော့ မသိရသေးပါဘူး။

The Tanintharyi Times