မျောက်ကျောက်ရောဂါ ၁၇ နိုင်ငံအထိ ပျံ့နှံ့

မျောက်ကျောက်ရောဂါ ၁၇ နိုင်ငံအထိ ပျံ့နှံ့

မျောက်ကျောက်ရောဂါ
ဓာတ်ပုံ - CNN

ကိုဗစ်ကပ်ရောဂါ အဆုံးမသတ်နိုင်ခင်မှာပဲ ကမ္ဘာတစ်ဝန်းက ကျန်းမာရေးပညာရှင်တွေ သတိထား စောင့်ကြည့်ရတဲ့ နောက်ထပ် ကူးစက်ရောဂါပိုး မျောက်ကျောက်ဗိုင်းရပ်စ်ဟာ မေလ ၂၃ ရက်အထိ နိုင်ငံပေါင်း ၁၇ နိုင်ငံမှာ တွေ့ရှိထားပြီဖြစ်ပါတယ်။

အာဖရိကနိုင်ငံတွေမှာ ၁၉၇၀ ပြည့်နှစ်ဝန်းကျင်ကတည်းက စတင်တွေ့ရှိခဲ့တဲ့ မျောက်ကျောက်ဗိုင်းရပ်စ်ဟာ ဒီနှစ်မှာတော့ အဲဒီရောဂါပိုးတွေ့လေ့မရှိတဲ့ အမေရိကန်၊ ဗြိတိန်၊ အစ္စရေးနဲ့ ဆွစ်ဇာလန်တို့ အပါအဝင် ကမ္ဘာ့အထင်ကရ နိုင်ငံ ၁၇ နိုင်ငံအထိ ကူးစက်ပျံ့နှံ့လာတာ ဖြစ်ပါတယ်။

မေလ ၁၃ ရက်ကနေ ၂၃ ရက်အတွင်း ရောဂါပိုးကူးစက်မှု အတည်ပြုထားတဲ့ နိုင်ငံတွေကတော့ ဩစတြေးလျ၊ ဘယ်လ်ဂျီယံ၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ ပေါ်တူဂီ၊ စပိန်၊ ဆွီဒင်၊ ဗြိတိန်၊ အမေရိကန်၊ ဩစတြီးယား၊ ဒိန်းမတ်၊ အစ္စရေး၊ စကော့တလန်နဲ့ ဆွစ်ဇာလန် စတဲ့ ၁၇ နိုင်ငံဖြစ်ပြီး ကူးစက်ခံရသူပေါင်း ၁၀၀ ခန့် တွေ့ရှိထားတာ ဖြစ်ပါတယ်။

ရောဂါပိုးကို ပိုမိုသတိထား စောင့်ကြည့်လာကြလို့ တွေ့ရှိတဲ့ နိုင်ငံအရေအတွက်နဲ့ ရောဂါပိုးကူးခံရသူ ဆက်ပြီး တိုးလာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားပါတယ်။

ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့အခါ အရည်ကြည်ဖုတွေ ပေါက်လာပြီး တဖြည်းဖြည်းနဲ့ အနာတွေဖြစ်လာတာမျိုး ဖြစ်ပါတယ်။ အဲဒီအရည်ကြည်ဖုတွေဟာ များသောအားဖြင့် မျက်နှာမှာ စတင်ပေါက်လာပြီးတော့ ကျန်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီ ပျံ့နှံ့သွားပါတယ်။

မျောက်ကျောက်ရောဂါပိုးဟာ ယေဘုယျအားဖြင့် တောရိုင်းတိရစ္ဆာန်တွေကနေတစ်ဆင့် လူကို ကူးစက်စေတာမျိုး ဖြစ်ပေမယ့် လူအချင်းချင်းလည်း ကူးစက်နိုင်သလို အဓိကအားဖြင့် လိင်ကတစ်ဆင့် ကူးစက်နိုင်ကြောင်း တွေ့ရှိထားပါတယ်။

ရောဂါပိုးဟာ အလွယ်တကူတော့ မကူးနိုင်ဘဲ မျောက်ကျောက်ရောဂါပိုး ရှိသူနဲ့ အချိန်အကြာကြီး ထိတွေ့မှုရှိတာ၊ ရောဂါပိုးကပ်ညိနေတဲ့ သောက်ရေခွက်၊ ပန်းကန်၊ အိပ်ယာ၊ မျက်နှာသုတ်ပုဝါ စတဲ့ အရာဝတ္ထုတွေကို ကိုင်တွယ် သုံးစွဲမိတာမျိုးဆိုရင် ကူးစက်နိုင်ခြေရှိကြောင်း ကမ္ဘာ့ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောထားပါတယ်။

မျောက်ကျောက်ရောဂါရဲ့ လက္ခဏာတွေက ဖျားနာတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားတွေနာကျင်တာ၊ နောက်ကျောပြင်နာတာ၊ ပင်ပန်းနွမ်းနယ်တာ စတာတွေ ဖြစ်ပါတယ်။ များသောအားဖြင့် သေစေနိုင်လောက်တဲ့ ရောဂါ မဟုတ်သော်လည်း ကလေးသူငယ်တွေနဲ့ ရောဂါအခံရှိတဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေအတွက်တော့ သတိထားဖို့လိုပါတယ်။

ရောဂါကူးစက်ခံရတဲ့အခါ အထွေအထူး ကုသဖို့မလိုဘဲ အလိုအလျောက် ပျောက်ကင်းသွားနိုင်ပါတယ်။ ဒါပေမယ့် အဖုအပိန့်တွေကို သန့်သန့်ရှင်းရှင်း ခြောက်ခြောက်သွေ့သွေ့ ဖြစ်အောင်ထားဖို့နဲ့ အခြားသူဆီ မကူးစက်အောင် သတိထားရမှာဖြစ်ပါတယ်။

The Tanintharyi Times

(ကိုးကား – Aljazeera)