ထားဝယ်မှာ စစ်ကောင်စီတပ်စခန်းတစ်ခုကို KNLA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်

ထားဝယ်မှာ စစ်ကောင်စီတပ်စခန်းတစ်ခုကို KNLA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်

ပုံစာ - သိမ်းပိုက်ခံခဲ့ရတဲ့ မောထာစစ်ကောင်စီခြေကုပ်စခန်း ဓာတ်ပုံ - ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်။

ထားဝယ်မြို့နယ်၊ ထိုင်းနိုင်ငံနယ်စပ်အနီးမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ရှေ့တန်းခြေကုပ်စခန်းတစ်ခုကို ဒီနေ့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ရဲ့ တပ်ရင်းမှူး စောမှူးဂေက ပြောပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်တွေဟာ မောထာရွာက စစ်ကောင်စီခြေကုပ်စခန်းကို မနေ့က မနက် ၁၀ နာရီလောက်မှာ စတင်တိုက်ခိုက်ခဲ့တာပါ။

ဒီနေ့ မနက် ၉ နာရီလောက်မှာတော့ စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း ၁၂ (တပ်မဟာ ၄) နဲ့ တပ်ရင်း ၂၇(တပ်မဟာ ၆) တို့ရဲ့ ပူးတွဲတပ်ရင်းမှူး စောမှူးဂေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

“တိုက်ပွဲကအကြီးအကျယ်ကြီးဖြစ်တာမဟုတ်ဘူး။ အနည်းအကျဥ်းပဲ။ သူတို့ကသေချာခံမပစ်ဘဲ ကြောက်ပြီး ထွက်ပြေးတာ။ မနေ့ကရော ဒီနေ့မနက်မှာရောပြေးကြတယ်” လို့ စောမှူးဂေက ဆိုပါတယ်။

မြိတ်အခြေစိုက် ခလရ (၁၇) တပ်ရင်းက တပ်ရင်းမှူးနဲ့ ဗိုလ်မှူးအဆင့်ရှိသူအပါအဝင် စစ်ကောင်စီတပ်သား ၄၀ ကျော်ရှိတဲ့ မောထာရှေ့တန်းခြေကုပ်စခန်းက တပ်ဖွဲ့ဝင်အားလုံး လက်နက်ခဲယမ်းအများစုကို ထားရစ်ပြီးထွက်ပြေးသွားတာလို့ စောမှူးဂေကဆိုပါတယ်။

“သူတို့က အရပ်သားပုံစံဟန်ဆောင်ပြီး လူစုခွဲပြေးတာပါ။ ဒါကြောင့်လက်နက်အများစုကိုထားခဲ့တာ။ တပ်ရင်းမှူးလည်းရှိနေတော့ လက်နက်နည်းနည်းတော့ပါသွားနိုင်တယ်။ အခြေအနေအရ လိုက်ဖမ်းတာတော့မလုပ်တော့ဘူး” လို့ သူက ပြောပါတယ်။

မောထာစခန်းကနေ လက်နက်ကြီး လက်နက်ငယ် ၃၄ လက်အပြင် ဗုံးသီးတွေ၊ မိုင်းတွေ၊ ကျည်ဆံတွေနဲ့ ဆက်စပ်ပစ္စည်းတွေရရှိခဲ့တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဆီက သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေရဲ့ အလောင်းတွေကျန်ခဲ့တာမျိုးမရှိလို့ ထိခိုက်သေဆုံးမှု အရေအတွက်ကိုမသိရဘူးလို့ တပ်ရင်းမှူး စောမှူးဂေက ပြောပါတယ်။

စခန်းသိမ်းနောက် ဒီနေ့မနက် ၁၁ နာရီလောက်မှာတော့ စစ်ကောင်စီဘက်က ရဟတ်ယာဥ်တစ်စီးရောက်လာပြီး ဗုံးကြဲခဲ့သလို စက်သေနတ်နဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲနဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ တော်လှန်ရေးရဲဘော်တွေဘက်က အထိအခိုက်တစ်စုံတစ်ရာမရှိခဲ့ဘူးလို့ စောမှူးဂေက ပြောပါတယ်။

လက်ရှိမှာတော့ သိမ်းပိုက်ထားတဲ့စခန်းကို တော်လှန်ရေးတပ်တွေကပဲ ဆက်လက်ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

အခုသိမ်းပိုက်ခဲ့တဲ့ မောထာစခန်းဟာ ထားဝယ်မြို့နယ် အရှေ့တာဒေသမှာ ဒုတိယမြောက်သိမ်းပိုက်ခံခဲ့ရတဲ့ စစ်ကောင်စီခြေကုတ်စခန်းဖြစ်ပါတယ်။

ပထမဆုံးသိမ်းပိုက်ခဲ့တဲ့ စခန်းကတော့ ကျောက်ထုစခန်းဖြစ်ပြီး အဲဒီစခန်းကို အခုနှစ် ဇန်နဝါရီလက သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ကျောက်ထုစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံး၊ ၈ ဦးအရှင်ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကိုလည်း တော်လှန်ရေးတပ်တွေဘက်ကသိမ်းပိုက်ရရှိခဲ့ပါတယ်။

လက်ရှိ စစ်ရေးလှုပ်ရှားမှုတွေရှိနေတဲ့ ထားဝယ်မြို့နယ်က ထီးခီးနယ်စပ်ဒေသတဝိုက်မှာ ထီးထဗျူဟာ၊ ထီးခီးစခန်း၊ ဗောဓိစခန်းနဲ့ ငါ့ရံ့ နီစခန်းတွေမှာ စစ်ကောင်စီတပ်သားတွေ‌ကျန်ရှိနေသေးတပ်လို့ သိရပါတယ်။ ဒါ့အပြင် ထားဝယ်အရှေ့တောဒေသက မေတ္တာဗျူဟာကုန်း၊ ကျောက်မဲတောင်ရဲစခန်းနဲ့ ပကာရီရဲစခန်းတွေမှာလည်း စစ်ကောင်စီက အခိုင်အမာတပ်စွဲထားပါတယ်။

KNLA ရဲ့ ပူးတွဲတပ်ရင်းမှူး စောမှူးဂေကတော့ ရှေ့ဆက်ပြီး နယ်စပ်စခန်းတွေထက် မြို့သိမ်းတိုက်ပွဲဘက်ကို ပိုမိုဦးတည်ဖို့ရည်ရွယ်သွားမယ်လို့ ဆိုပါတယ်။

The Tanintharyi Times