ထား၀ယ်မြို့ မှာ အခုရက်ပိုင်း ညဘက် လုံခြုံရေး သိသိသာသာတိုးလာ

ထား၀ယ်မြို့ မှာ အခုရက်ပိုင်း ညဘက် လုံခြုံရေး သိသိသာသာတိုးလာ

ဓာတ်ပုံ - ထားဝယ်မြို့မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေ။ (ပုံဟောင်း)

တနင်္သာရီတိုင်းရဲ့ မြို့တော်ဖြစ်တဲ့ ထားဝယ်မြို့မှာ အခုရက်ပိုင်း ညဘက်တွေ လုံခြုံရေး သိသိသာသာတိုးလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

လမ်းဆုံလမ်းခွတွေ၊ ဌာနဆိုင်ရာရုံးတွေ နဲ့ အချက်အချာကျတဲ့‌ နေရာတွေမှာ စစ်ကောင်စီတပ်သားတွေ နေရာယူပြီး လုံခြုံရေး ချထားတာတွေရှိသလို ကားတွေနဲ့ ကင်းလှည့်တာတွေလည်း ခပ်စိပ်စိပ်လုပ်ဆောင်လာတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

“ကားပေါ်မှာ စက်သေနတ်တွေ တင်ပြီး ကင်းလှည့်နေတာတွေလည်း ရှိတယ်။ မြေသယ်ကားတွေနဲ့ လှည့်နေတာတွေလည်း တွေ့ရတယ်။ နေ့ဘက်မှာလည်း သွားနေကြတာ။ အရင်ကဆို နေ့ဘက်က ဆိုင်ကယ်ဖမ်းတဲ့ အဖွဲ့တွေပဲ ရှိတယ်” လို့ ထားဝယ်မြို့ ခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေ ညဘက် လုံခြုံရေးယူထားတဲ့ နေရာတွေက တစ်မြို့လုံးကို တပ်ဖြန့်ထားတဲ့ အနေအထားမျိုးဖြစ်နေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

အခုလိုမျိုးလုံခြုံရေး တင်းကြပ်ထားတာဟာ အခုရက်ပိုင်းဖွင့်လှစ်ဖို့ရှိတဲ့ ကမြောကင်းတံတားဖွင့်ပွဲကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။

ကမြောကင်းတံတားဖွင့်ပွဲကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်လာမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ကမြောကင်းတံတားဖွင့်ပွဲအတွက် ကြိုတင်ပြင်ဆင်မှု‌တွေလည်း ပြုလုပ်နေပြီး မတ်လ ၂၂ ရက်ကလည်း ကမြောကင်းတံတားရဲ့ တစ်ဖက်ခြမ်းမှာရှိတဲ့ သောကြာပြင်ရွာအနီးမှာလည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသေးတယ်။

The Tanintharyi Times