စစ်ကောင်စီတပ်သားတွေထွက်ပြေးသွားတဲ့ မေတ္တာမြို့ရဲစခန်းနဲ့ ဟိန္ဒားရွာတပ်စခန်းတို့ကိုတော်လှန်ရေးတပ်တွေမီးရှို့

စစ်ကောင်စီတပ်သားတွေထွက်ပြေးသွားတဲ့ မေတ္တာမြို့ရဲစခန်းနဲ့ ဟိန္ဒားရွာတပ်စခန်းတို့ကိုတော်လှန်ရေးတပ်တွေမီးရှို့

စစ်ကောင်စီတပ်သားတွေထွက်ပြေးသွားတဲ့ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသက မေတ္တာမြို့ရဲစခန်းနဲ့ ဟိန္ဒားရွာက စစ်ကောင်စီစခန်းကုန်းတို့ကို တော်လှန်ရေးတပ်တွေက မီးရှို့ဖျက်လိုက်ပါတယ်။

မေတ္တာမြို့ပေါ်မှာရှိတဲ့ မေတ္တာနယ်မြေရဲစခန်းအဆောက်အအုံတွေကို မနေ့က ညနေပိုင်းမှာတော်လှန်ရေးတပ်တွေကသွားပြီး မီးရှို့ဖျက်ဆီးခဲ့တာပါ။

စခန်းမှာရှိနေတဲ့ စစ်ကောင်စီတပ်သားနဲ့ရဲတွေကတော့ တော်လှန်ရေးတပ်တွေရောက်မလာခင်ကတည်းက စခန်းစွန့်ခွာပြီး ထွက်ပြေးကုန်တယ်လို့ KNLA တပ်ရင်း ၁၄ (တပ်မဟာ ၄) နဲ့ တပ်ရင်း ၂၇ (တပ်မဟာ ၆) တို့ရဲ့ ပူးတွဲတပ်ရင်းမှူးကပြောပါတယ်။

“ကျနော်တို့ရောက်လာတော့ သူတို့မခုခံဘဲထွက်ပြေးကုန်ပြီ။ သတင်းကြိုပြီးရထားတာပေါ့။ ဗျူဟာကုန်းနဲ့နီးတော့ အဲဒီကိုဆုတ်သွားကြတာ” လို့ တပ်ရင်း ၁၂ နဲ့တပ်ရင်း ၂၇ ပူးတွဲတပ်ရင်းမှူး စောမှူးဂေကပြောပါတယ်။

ရဲစခန်းမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေကတော့ အခုလက်ရှိမှာ မီးရှို့ခံရတဲ့ရဲစခန်းနဲ့ မိုင်ဝက်ခန့်သာဝေးတဲ့ မေတ္တာမြို့ဗျူဟာကုန်းကို ရောက်ရှိနေတယ်လို့ တပ်ရင်းမှူး စောမှူးဂေရဲ့ပြောပြချက်အရသိရပါတယ်။

စခန်းကိုမီးရှို့နေချိန် မနေ့ညပိုင်းက အဲဒီဗျူဟာကုန်းကနေ လက်နက်ကြီး ဆယ်ချက်ခန့်ပစ်ခတ်သလို တော်လှန်ရေးတပ်တွေဘက်ကလည်း ဗျူဟာကုန်းကို ပြောက်ကျားတိုက်ခိုက်မှုတချို့လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

မေတ္တာမြို့ပေါ်မှာနေထိုင်သူအများစုကတော့ ​မြို့​ပေါ်မှာ တိုက်ပွဲတွေပြင်းထန်လာမှာကိုစိုးရိမ်ပြီး အနီးအနားရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေကဆိုပါတယ်။

“အများစုကတော့ရှောင်ကုန်ကြပြီ။ ကျွန်မတို့ကကြိုရှောင်ထားတယ်လေ။ အခုလည်းဆွေမျိူးတွေထပ်ရောက်လာတယ်” လို့မေတ္တာမြို့ခံ အမျိုးသမီးတဦးက မနေ့ကညပိုင်းမှာပြောပါတယ်။

မေတ္တာတံတားစစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ ပုံမှန်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေလည်း ဒီနေ့မနက်ပိုင်းမှာ မရှိတော့ဘူးလို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

အလားတူ စစ်ကောင်စီတပ်သားတွေဆုတ်ခွာထွက်ပြေးသွားတဲ့ ဟိန္ဒားရွာထိပ် စစ်ကောင်စီစခန်းကုန်းက အဆောက်အအုံနဲ့ ဘန်ကာတွေကိုလည်း အခုလ ၂၂ ရက်နေ့ ၂၃ ရက်နေ့တွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ဟိန္ဒာရွာထိပ်က စခန်းကုန်းနေရာဟာ အရင်က ခဲသတ္တုကုမ္ပဏီမြန်မာပွန်ပီပက်(MPC)ပိုင်လုပ်ငန်းခွင်နေရာဖြစ်ပေမယ့် စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်းကစလို့ တပ်စခန်းအသွင်ပြောင်းပြီး တပ်စွဲနေထိုင်နေတာပါ။

အဲဒီစခန်းကအင်အား ၅၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်သားတွေကတော့ စခန်းစွန့်ခွာပြီးနောက် အခုလက်ရှိမှာ ကျောက်မဲတောင်ရဲစခန်းကိုရောက်ရှိနေတယ်လို့ တော်လှန်ရေးရဲဘော်တွေကဆိုပါတယ်။

KNLA ရဲ့ပူးတွဲတပ်ရင်းမှူး စောမှူးဂေကတော့ “လက်ရှိမှာတော့ နှစ်ဖက်တိုက်ပွဲတွေငြိမ်နေသေးတယ်။ သူတို့က အင်အားပြန်စုပြီးနေနေကြတာပေါ့” လို့ ပြောပါတယ်။

ဒီနေ့မနက်ပိုင်းမှာလည်း အင်အား ၈၀ လောက်ရှိတဲ့စစ်ကောင်စီတပ်သားတွေ ပကာရီရွာကတဆင့် မေတ္တာမြို့ဘက်ကို ဦးတည်ပြီး တောလမ်းအတိုင်း စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ထားဝယ်မြို့နယ်၊ အရှေ့တောဒေသကို ဝင်လာတဲ့ စစ်ကောင်စီကား ၁၇ စီးပါယာဥ်တန်းနဲ့ တော်လှန်ရေးတပ်တွေ ပြီးခဲ့တဲ့ငါးရက်မှာတိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ကား ၁၂ စီးပျက်စီးခဲ့သလို တပ်ရင်းမှူးတဦးအပါဝင် စစ်ကောင်စီတပ်သားအများအပြားလည်း ထိခိုက်သေဆုံးခဲ့ပါတယ်။

မေတ္တာမြို့ဟာ ထားဝယ်မြို့နဲ့ ထိုင်းနိုင်ငံနယ်စပ်ထီးခီးကိုကို သွားတဲ့လမ်းမပေါ်မှာတည်ရှိပြီး စစ်ကောင်စီတပ်သားတွေအခိုင်အမာတပ်စွဲထားတဲ့မြို့လည်းဖြစ်ပါတယ်။

The Tanintharyi Times